BBC navigation

သမ္မတဦးသိန်းစိန်နဲ့ ကိုရီးယားသမ္မတတို့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 16:56 GMT
U Thein Sein and Mr Lee

နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တွေ အတွက် အကြီးအကျယ် ဆွေးနွေးခဲ့ကြ

တနင်္လာ နေ့က စတင် ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ တောင်ကိုရီးယားနိုင်ငံ သုံးရက်ကြာ ချစ်ကြည် ရေး ခရီးစဉ် အတွင်း အင်္ဂါနေ့ မှာတော့ အိမ်ပြာတော် လို့ သိကြတဲ့ တောင်ကိုရီးယား သမ္မတ အိမ်တော်မှာ ကိုရီးယား သမ္မတ လီမြောင်ဘတ်က သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ ပါတယ်။

သမ္မတနှစ်ဦး တွေ့ဆုံ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် အကြီးအကျယ် ဆွေးနွေးခဲ့ကြ ပါတယ်။

အဓိက ကတော့ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းကြီးတွေ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံအောင်၊ မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကျင်းပခဲ့ပြီး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လှိုက်လှိုက် လှဲလှဲ ဖိတ်ခေါ် ရှင်းပြခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတ ပြောဆိုတဲ့ အထဲမှာ တရုတ်နဲ့ အိန္ဒိယကို ရည်ညွှန်းလို့ မြန်မာဟာ ဒီ ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု ကြားမှာ ရှိတယ်၊ မြန်မာနိုင်ငံရဲ့ လူငယ် အချိုးအစား ကလည်း များတာ မို့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ လူသား အရင်းအမြစ် ကောင်းတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာမို့ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာရဲ့ အားသာချက် တွေကို ရောင်းခဲ့တယ်လို့ ဆိုနိုင် ပါတယ်။

တခါ နိုင်ငံတကာက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေ အဓိကထား စောင့်ကြည့်နေ ကြတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပါအဝင် ဥပဒေ စိုးမိုးရေး အတွက်ကိုလည်း သမ္မတက ဒါကို သူ့အစိုးရ အနေနဲ့ ကောင်းစွာ သဘောပေါက်တဲ့ အကြောင်းနဲ့ တရားစီရင်ရေး မဏ္ဍိုင် ခိုင်မာ အောင်လည်း ပြောင်းလဲ လုပ်ဆောင် သွားမယ်လို့ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်ကြီး တွေကို ကတိပြု ပြောကြားခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယားရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လာကြပါလို့ ပြောင်ပြောင် တင်းတင်း ဖိတ်ခေါ်ခဲ့ပြီး လာရောက် ရင်းနှီးမြှုပ်နှံ ကြမယ် ဆိုလည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့ပိုင်းက ပြောကြားထား သလို လုပ်သား များများ သုံးမယ့် ကုန်ထုတ် လုပ်ငန်းတွေကို လုပ်ဆောင် ကြဖို့ အကြောင်း လုပ်ငန်းရှင်ကြီး တွေကို တိုက်တွန်း ပြောကြားခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြို့တော်ဆိုးလ်က အမျိုးသား ဂူဗိမာန်ကိုလည်း သွားရောက်ခဲ့ ပြီး အလေးပြုခဲ့တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။