BBC navigation

ဟောင်းနွမ်းနိုင်ငံခြားငွေ တွေကို ပုဂ္ဂလိကဘဏ်တွေ ကနေလဲပေးဖို့ ဗဟိုဘဏ် တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 01:20 GMT
dollars_notes

နိုင်ငံခြားငွေဟောင်းတွေကို ပုဂ္ဂလိက ဘဏ်တွေမှာ လဲပေးတော့မယ်

ဟောင်းနွမ်း နိုင်ငံခြားငွေ တွေကို ပုဂ္ဂလိက ဘဏ်တွေ ကနေ လဲလှယ် ပေးဖို့ ဗဟိုဘဏ်က တိုက်တွန်း လိုက်ပါတယ်။

တရားဝင် နိုင်ငံခြား ငွေလဲ ဌာန တွေက အမေရိကန် ဒေါ်လာတို့လို နိုင်ငံခြားငွေ အဟောင်း အနွမ်း တွေကို မလဲပေးတဲ့ အတွက် ငွေလဲလို သူတွေ အခက်အခဲ ဖြစ်နေပါတယ်။

ဒါကို အလွယ်တကူ ဖြစ်အောင် လဲပေးဖို့ အင်္ဂါနေ့တုန်းက ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ ဗဟိုဘဏ်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ နည်းတူ ငွေအဟောင်း အနွမ်းတွေကို ပေါက်စျေးထက် အနည်းငယ် လျှော့ပြီး လဲလှယ် ပေးသင့်တယ်လို့ ဗဟိုဘဏ်က တိုက်တွန်းတဲ့အကြောင်း ဗဟိုဘဏ် နိုင်ငံခြားငွေ လဲလှယ်တဲ့ ဌာနက တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

အရင်က အမေရိကန်က စီးပွားရေး ပိတ်ဆို့ထားလို့ အမေရိကန် ဒေါ်လာကို နိုင်ငံခြားဘဏ် တွေမှာ ပြန်လဲဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့်လည်း စောစောပိုင်း တုန်းက အမေရိကန် ဒေါ်လာ အဟောင်းအနွမ်း တွေကို ဘဏ်တွေက လက်မခံတာ ဖြစ်ပါတယ်။

အခုအခါ ဗဟိုဘဏ်က တိုက်တွန်းတဲ့ အတွက် ဗဟိုဘဏ် ကိုယ်တိုင် ကလည်း လက်ခံ ယူတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်တွေ့ လုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ ကမ္ဘောဇဘဏ်ရဲ့ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ အကြောင်းကတော့ မှောင်ခို စျေးကွက်မှာလည်း နိုင်ငံခြားငွေ အဟောင်းအနွမ်း တွေကို စျေးလျှော့ဝယ်ပြီး လဲလှယ် နေတာကြောင့် ဘဏ်တွေ ကလည်း အဲဒီလို လုပ်နိုင် မှာဖြစ်တယ်လို့ အဲဒီ တာဝန် ရှိသူကပြော ပါတယ်။

တခါ အခု ရက်ပိုင်းတွေ အတွင်းမှာ အမေရိကန် ဒေါ်လာစျေး ကျနေပြီး မြန်မာ ကျပ်ငွေက ပိုမာလာ နေတာကို တွေ့ရပါတယ်။

ဗဟိုဘဏ် သတ်မှတ် စျေးနှုန်းအရ တစ်ဒေါ်လာကို ကျပ် ၈၈ဝ ကျော်အထိ တက်သွားရာ ကနေ အခုဆိုရင် ၈၅၄ ကျပ်အထိ ဖြစ်သွားပါတယ်။

အာမခံ လုပ်ငန်း လိုင်စင် အသစ်တွေ ချပေး လာတာနဲ့ ခရီးသွား လုပ်ငန်းတွေက ခရီးသွားတွေ များလာတာကြောင့် ဒေါ်လာ ရောင်းသူများပြီး ဝယ်သူ နည်းတဲ့ အတွက် အခုလို ဒေါ်လာစျေး ကျတာဖြစ် တယ်လို့ ကမ္ဘောဇ ဘဏ် တာဝန်ရှိသူက ရှင်းပြသွား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။