BBC navigation

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 08:33 GMT
kyaw zaw

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဖက်ဆစ် တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေးနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလမှာ အထင်ကရ အခန်းကနေ ပါဝင်ခဲ့တဲ့ နောက်ဆုံး လက်ကျန် ရဲဘော်သုံးကျိပ်ဝင် နှစ်ဦးအနက်က ဗိုလ်ချုပ် ကျော်ဇောဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရကနေ အောက်တိုဘာ ၁၀ မနက်ပိုင်းမှာတော့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားပါတယ်။

ဗိုလ်ချုပ်ကျော်ဇောကို သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ ဆိုင်းစုရွာမှာ ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က မွေးဖွားခဲ့ရာ ယခု ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

အမည်ရင်း မောင်ရွှေဖြစ်ပြီး ၁၉၃၈ခုနှစ်မှာ ကြည့်မြင်တိုင် ဆရာဖြစ်သင် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုရွှေ၊ ၁၉၃၉ တို့ဗမာအစည်းအရုံးဝင် သခင်တဦး ဖြစ်လာတော့ သခင်ရွှေ ဖြစ်လာပါတယ်။

၁၉၄၁-၄၂ မှာတော့ ရဲဘော်သုံးကျိပ်ဝင် ‘ဗိုလ်ကျော်ဇောအဖြစ် လူသိများထင်ရှားလာခဲ့ပါတယ်၊ မြန်မာ့တပ်မတော်မှာ တိုင်းမှူး၊ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူ ကျူးကျော်မှုကို အောင်မြင်စွာ မောင်းထုတ် တိုက်ခိုက်ခဲ့တဲ့ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးတို့ရဲ့ ဗိသုကာတဦးလည်း ဖြစ်ပါတယ်။

၁၉၆ဝ-၆၂ မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့မှာလည်း ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၇၆ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရှိရာ ထွက်လာခဲ့ပြီး ဗကဗ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။

ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ အမည်ပေးထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကု ၂ဝဝ၇ ခုနှစ်က နောက်ဆုံး ရေးသား ပြုစုခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သမီး ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇောနဲ့ သား ဦးအောင်ကျော်ဇောတို့ ကျန်ရစ်ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။