BBC navigation

ရခိုင်ကိစ္စ အမေရိကန်မှာ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 00:50 GMT

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ Open Society Foundations နဲ့ နိုင်ငံတကာ ဒုက္ခသည်ဆိုင်ရာ အဖွဲ့ Refugees International တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ ကိစ္စ ၊ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။

Burma’s Rohingya: Beyond the Communal Violence ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချ သူများဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးဖြစ်တဲ့ Anne Richard နဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kelly Clements တို့လည်း တက်ရောက်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kelly Clements က ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရခိုင်ပြည်နယ်ဘက်ကို သွားရောက် လေ့လာခဲ့ရာမှာ သူတွေ့ရှိခဲ့ တာတွေကို ပြန်ပြောပြခဲ့သလို အကူအညီတွေ ဆက်လက် ပေးဖို့ အကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ပြောသွားတယ်လို့ ဒီပွဲမှာ ပင်တိုင် ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ Refugees International အဖွဲ့က မစ္စ Sarnata Reynolds က ပြောပါတယ်။

ဒီပွဲ တက်ရောက် လာကြတဲ့ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ၊ ပညာရှင်တွေ ၊ လေ့လာသူတွေ ဘက်ကလည်း အကြံပြု ဆွေးနွေး ရာမှာ အုပ်စု နှစ်ခုကို သီးခြား နေရာတွေမှာ ခွဲခြား ထားဖို့ စိတ်ကူး တချို့အပေါ် စိုးရိမ်ကြတဲ့အကြောင်း၊ ပြန်လည် သင့်မြတ်ရေး ကိုပဲ လုပ်ဆောင်သင့်ကြောင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး အမြန်လုပ်ဆောင်သင့်ကြောင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO တွေ သွားရောက် လုပ်ကိုင်ခွင့် ရသင့် ကြောင်းတွေ ပြောကြတယ်လို့ မစ္စ Reynolds က ပြန်ပြောပါတယ်။

နောက်ပြီး အမေရိကန် အနေနဲ့ လက်ငင်းလိုအပ်တဲ့ အကူအညီ ပေးတာအပြင် ဒီဒေသမှာ စီးပွားရေး ရင်းနှီးမြှပ်နှံမှုကအစ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ခြင်းအားဖြင့် ဖွံ့ဖြိုးလာရင် နှစ်ဘက် ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်တယ် ဆိုတာမျိုးလည်း ဆွေးနွေး ကြတဲ့ အကြောင်း သူက ပြောပါတယ်။

ဒီကိစ္စက အလွန်ညင်သာ ပျော့ပြောင်းတဲ့ ကိစ္စ ဖြစ်ပေမယ့် မြန်မာအစိုးရ အနေနဲ့ ပြဿနာကို ဘယ်လို အကောင်းဆုံး ဖြေရှင်း နိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ လိုတယ်လို့ Refugees International က ယူဆကြောင်းလည်း မစ္စ Reynolds က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။