BBC navigation

ရှမ်းမြောက် အဖွဲ့နဲ့ အစိုးရ ထပ်တွေ့

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 18:10 GMT
SSA North

SSA မြောက်ပိုင်း အဖွဲ့ မိသားစု နေရာချထားရေး ကို အဓိက ဆွေးနွေးတယ် လို့ဆို

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့က စဝ်ခွန်ဆိုင် ခေါင်းဆောင်တဲ့အဖွဲ့ နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ တွေဖြစ်ကြတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နဲ့ လွှတ်တော်အမတ် ဦးသိန်းဇော်တို့ ခေါင်းဆောင်တဲ့ အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အဖွဲ့ဝင် တွေရဲ့ မိသားစု တွေကို ပြန်လည် နေရာ ချထားရေး အတွက် အဓိက ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ ဦးသိန်းဇော်က ဘီဘီစီကို ပြောပါတယ်။

အခြေအနေတွေ မတည်မငြိမ် ဖြစ်ခဲ့စဉ် တုန်းက သံလွင်မြစ် အရှေ့ဖက်ခြမ်း ကိုပြောင်းရွှေ့ ခိုလှုံခဲ့ကြတဲ့ မိသားစု တွေကို ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ပြီး အခြေချ နေထိုင်နိုင်အောင် တာဝန်ရှိသူ တွေနဲ့ လာရောက် ညှိနှိုင်းတာ ဖြစ်တယ်လို့သူက ဆိုပါတယ်။

မိုင်းရှူး၊ မိုင်းအော့၊ တောင်ဟီရိုး စတဲ့ ဒေသတွေမှာ ပြန်လည် နေရာ ချထားပေးဖို့ အတွက် အစိုးရနဲ့ ရှမ်းအဖွဲ့ နှစ်ဖက်ပူးပေါင်းပြီး သွားရောက် စစ်ဆေးခဲ့တယ်လို့လည်း ဦးသိန်းဇော်က ပြောပါတယ်။

အဲဒီ မိသားစုတွေကို အကူညီ ပေးဖို့ စိုက်ပျိုးရေး နဲ့သစ်တော ပိုင်းဆိုင်ရာ အရာရှိတွေ အပြင် ပြည်နယ် ဝန်ကြီးချုပ်လည်း လိုက်ပါ ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် စစ်တပ်တွေ နေရာချထားရေး နဲ့ ပတ်သက်ပြီး မူလကတည်းက ဆွေးနွေးထားတာ ရှိပြီး သူ့နေရာနဲ့ သူ ရှိနေကြတယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲ ထပ်မဖြစ်အောင် စောင့်ကြည့်လေ့လာရေး ကော်မီတီကို နှစ်ဖက် ကိုယ်စားလှယ်တွေ ရပ်မိရပ်ဖ တွေနဲ့ ပူးပေါင်းပြီး ရှေ့နှစ်ဆန်း မှာဖွဲ့စည်း နိုင်လိမ့်မယ်လို့ ရှမ်းမြောက် အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။