BBC navigation

မြန်မာနိုင်ငံကတင်နေတဲ့ အကြွေး ဒေါ်လာ သန်း၉၀၀ ကို ဂျပန်စိုက်ဆပ်မယ်

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 13:48 GMT

မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နဲ့ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Koriko Jojima

တိုကျိုမြို့မှာကျင်းပတဲ့ နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ညီလာခံကနေ ထွက်လာတဲ့ သတင်းတွေ အရ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဂျပန်နိုင်ငံဟာမြန်မာအပေါ် အကူညီအများ ဆုံးပေးတဲ့ နိုင်ငံဖြစ်လာပါတယ်။

အခုနောက်ဆုံး အစီအစဉ်အရ ကမ္ဘာ့ဘဏ်ကို မြန်မာက ပေးစရာရှိတဲ့ အကြွေးဒေါ်လာသန်း ၄၀၀ နဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကို ပေးစရာရှိတဲ့ ဒေါ်လာသန်း ၅၀၀ စုစုပေါင်း ဒေါ်လာသန်း ၉၀၀ ကို ဂျပန်နိုင်ငံက စိုက်ပြီးဆပ်ပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပေးစရာ ကျန်နေတဲ့ကြွေးမြီတွေကို ၂၀၁၃ ဇန်နဝါရီလမှာ ဂျပန်နိုင်ငံကစိုက်ပြီး ဆပ်ပေးဖို့အတွက် ဆုံးဖြတ် လိုက်ပြီ ဆိုတာကိုဝမ်း မြောက်စွာနဲ့ပြောလိုကြောင်း၊ ၁၉၈၇ နှစ်တုန်းကမြန်မာနိုင်ငံအပေါ်အထူးချေးငွေ ပေးထားတဲ့ အစီအစဉ်ကို သက်တမ်းတိုး ပေါင်းကူးပေးလိုက်ပြီး၊ ကြွေးမြီတွေကို ပယ်ဖျက်ပေးလိုက်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးKoriki Jojima က အဲဒီညီလာခံမှာ ပြောသွားပါတယ်။

အဲဒီငွေတွေကိုဂျပန်နိုင်ငံရဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဘဏ်ကနေထုတ်ပေးမှာဖြစ်ပါ တယ်။

အခုနှစ်ဧပြီလတုန်းကလည်း ဂျပန်နိုင်ငံကမြန်မာအပေါ်တင်ရှိနေတဲ့ကြွေးမြီ ယန်းငွေဘီလျံ ၅၀၀၊ ဒေါ်လာနဲ့ဆိုရင် ၆.၄ ဘီလျံထဲကယန်းငွေဘီလျံ ၃၀၀ ကိုလျှော်ပေးခဲ့ပါတယ်။

အခုလိုဂျပန်နိုင်ငံရဲ့ကူညီမှုနဲ့ပတ်သက်ပြီး ကျေးဇူးတင် ကြောင်း မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြန်လည် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကို အာရှနိုင်ငံတွေနဲ့အတူ ယှဉ်တွဲပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် အားလုံး ပါဝင်တည်ဆောက်နိုင်အောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ကိုလည်းပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ရန်ကုန်မြို့မှာ ရထားလမ်းနဲ့ ရေပေးဝေရေး စနစ်တွေ တည်ဆောက်ဖို့ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦတွေ ဆောက်လုပ်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေပြီး အဲဒီစီမံကိန်းတွေမှာ အသုံးပြုဖို့ အထူးသက်သာတဲ့ အတိုးနှုန်းနဲ့ နှစ်ရှည် ချေးငွေတွေကို ထုတ်ချေးမယ့်အစီအစဉ်လည်း ရှိတယ်လို့ New York Times သတင်းစာက ရေးပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့အတွက်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းနဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး တွေကိုလည်း ဆောင်ရွက်ချင်နေတယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက အထူးအလေးထားတာကြောင့် အခုလို မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားတာဟာ ကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်က ဒေါက်တာ အေးချမ်းက သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။