BBC navigation

KNU ထဲ အမြင်သဘောထားကွဲမှု ပြန်စေ့စပ်

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 22:12 GMT
0_bbc_kic

KNU အဖွဲ့ တွင်း ပြန်စေ့စပ်

အောက်တိုဘာ လဆန်းပိုင်း က KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူး စောဆေးဖိုး၊ ဖဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကို အဖွဲ့ရဲ့ စည်းမျဉ်း၊ ဥပဒေ ချိုးဖေါက်တယ် ဆိုပြီး အဖွဲ့က ထုတ်ပစ်ဖို့ လုပ်သလို၊ တဖက်ကလည်း လာမယ့် စနေနေ့ မှာ မြဝတီမြို့ KNLA ဆက်ဆံရေးရုံး မှာ သတင်းစာ ရှင်းလင်းပွဲ ပြုမယ် ဆိုပြီး တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့် KNU တပ်မှူးတွေ၊ ခရိုင်ဥက္ကဌ တွေ ပြန်လည် ကြားဝင် စေ့စပ် ပေးတဲ့ အတွက် နှစ်ဘက်ကြား နားလည်မှု ရသွားပြီ ဖြစ်တဲ့ အကြောင်း KNU ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။ KNU အဖွဲ့ အတွင်းမှာ အမြင်ကွဲလွဲမှု တွေ ကို သင်ပုန်းချေပြီး ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက် ကြတဲ့ အကြောင်း ဗဒိုမန်းငြိမ်းမောင် က ရှင်းပြပါတယ်။

ကရင်အမျိုးသားထု တရပ်လုံးရဲ့ ညီညွတ်ရေးကို ရှေ့ရှူ တဲ့ အနေနဲ့ အခုလို ကြေအေး လိုက်ကြတာပါ။ ပြဿနာ အရင်းခံကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့် တဲ့ ကိစ္စ အပေါ်မှာ KNU ခေါင်းဆောင်ပိုင်း အကြား သဘောထား ကွဲရာက KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုး၊ ဖဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကိုအဖွဲ့က ထုတ်ပစ်တဲ့ အထိ အခြေအနေ တင်းမာသွားတာပါ။

တဖက်မှာ လည်း ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တပ်မဟာ ၃ ဆက်ဆံရေးရုံး၊ ထားဝယ်မှာ တပ်မဟာ ၄ ဆက်ဆံရေးရုံး နဲ့ မြဝတီမှာ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားပြီ ဖြစ်တဲ့ အတွက် နောက်ကွယ် မှာ နက်နဲတဲ့ အကြောင်းအရာတွေ ရှိနိုင်တယ် လို့ အကဲခတ် တွေ ကလည်းသုံးသပ် နေကြပါတယ်။

KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကိုတော့ ဘယ်နေရာ မှာ ဘယ်နေ့ ကျင်းပမယ် ဆိုတဲ့ အကြောင်း ကိုတော့ ထုတ်ဖေါ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲ မပြုလုပ်တော့ ဘူးလို့ ဖဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။