BBC navigation

ကေအိုင်အိုနဲ့ ထပ်တွေ့ဖို့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ စာပို့

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 23:11 GMT

ငြိမ်းချမ်းရေးဆွေးနွေးဖို့ တွေ့နေပေမယ့် တိုက်ပွဲတွေ ရှိနေဆဲ

ကချင်ပြည်နယ်တွင်းမှာ ငြိမ်းချမ်းရေး ရနိုင်ဖို့ အတွက် မြန်မာအစိုးရဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဘက်ကနေပြီးတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်ကို ထပ်မံတွေ့ဆုံနိုင်ဖို့ စာရေး အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒီစာကို အောက်တိုဘာလ ၁၀ရက်နေ့က ပို့ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲကို မူဆာ် သို့မဟုတ် ရွှေလီမှာ လုပ်ဖို့ ကမ်းလှမ်းထားတာဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားကနေ ဆောက်ရွက်ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ PCG ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဦးလမိုင် ဂွန်ဂျာက ပြောပါတယ်။

ကေအိုင်အိုဘက်ကလည်း စာကို လက်ခံရရှိကြောင်းနဲ့ စာပါ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကေအိုင်အို ဗဟိုကိုတင်ပြ အစည်းအဝေးထိုင်ပြီး အကြောင်းပြန်မယ်ဆိုတဲ့ အကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က စာပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကြားတွေ့ဆုံခဲ့တာ ၉ ကြိမ်ရှိခဲ့ပြီး နောက်ဆုံအကြိမ်က ပြီးခဲ့တဲ့ ဂျွန်လ ၂၀ရက်နေ့က ဖြစ်ပါတယ်။

ဒီကြားထဲမှာတော့ နှစ်ဘက်ကြား တိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုရှိနေခဲ့ပါတယ်။

အခုတကြိမ်တွေ့ဆုံရာမှာ အစိုးရစစ်တပ်ဘက်က တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာရှိသူ ပါလာနိုင်မယ်လို့ ယူဆတာကြောင့် ထူးခြားမှုရှိနိုင်တယ်လို့ ဦးလမိုင် ဂွန်ဂျာကပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။