BBC navigation

နိုဘဲလ်ဆုနဲ့ မြန်မာ လွဲချက်နာ

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 16:06 GMT

ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲက နှစ်ဦး အနက် သမ္မတ တဦး ကိုပဲ နိုဘဲလ်ဆု ပေးဖို့ ဆိုတာ အခက်အခဲ ဖြစ်နိုင်

နိုဘဲလ်ဆု ရမယ်လို့ ကြိုတင် ခန့်မှန်း ခံထားရ ပြီးနောက်၊ အခဲကြီး ခဲထားပြီး အလွဲကြီး လွဲကြရသူတွေ ထဲမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုနဲ့ ပတ်သက်ပြီး ခန့်မှန်းရာမှာ တော်တော်နီး စပ်အောင် ခန့်မှန်းနိုင် တတ်သူလို့ အသိအမှတ်ပြုခြင်း ခံရတဲ့ အော်စလို ငြိမ်းချမ်းရေး သုတေသန အဖွဲ့ရဲ့ ခန့်မှန်းချက် ထဲမှာ သမ္မတ ဦးသိန်းစိန်ဟာ နံပါတ် ၅ နေရာမှာ ရှိပါတယ်။

ဒီတော့ သမ္မတဦးသိန်းစိန် ရကောင်းရဲ့ ဆိုပြီး သူ့ကို လိုလား ထောက်ခံသူတွေက တော်တော် ကြီးကို အားခဲ ထားကြပါတယ်။ သူရသင့် မရသင့် ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ အသိုင်းအဝိုင်း ကြားမှာ အငြင်းပွားမှုတွေလည်း တော်တော်များများ ရှိပါတယ်။

သူဘာကြောင့် ရနိုင်တယ်လို့ ခန့်မှန်းတာလဲ ဆိုတာကိုတော့ အော်စလို ငြိမ်းချမ်းရေး သုတေသန အဖွဲ့ PRIO ရဲ့ အကြီးအကဲ မစ္စတာ Kristian Berge Harp-Viken ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ အခုလို ဖြေပါတယ်။

ဂျင်းရှပ်ရဲ့ သီအိုရီဟာ မြန်မာ့ နိုင်ငံရေး လှုပ်ရှား သူတွေ အကြားမှာ အတော် သြဇာ ရှိခဲ့ ဖူးပါတယ်

''၂၀၁၂ မှာ ငြိမ်းချမ်းရေး ဖြစ်စဉ် တချို့ ထွက်ပေါ်ခဲ့ပါတယ်။ ဖိလစ်ပိုင်၊ ကိုလံဘီယာ ၊ ဆိုမားလီးယားနဲ့ မြန်မာတို့ ဖြစ်ကြ ပါတယ်။ အဲဒီအထဲမှာ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဟာ ဖြေးဖြေးနဲ့ မှန်မှန် တိုးတက် လာနေတာ တွေ့ရပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေး ဆုပေးရခြင်း အကြောင်းထဲမှာ ငြိမ်းချမ်းရေး ဖန်တီးနိုင်ခြင်းဟာ အဓိက အကြောင်းအရာတွေ ထဲက တခု ဆိုတော့ သမ္မတဦးသိန်းစိန် ရနိုင်တယ်လို့ ခန့်မှန်းခဲ့တာ'' လို့ ပြောပါတယ်။

ဒါပေမဲ့ အခု တကယ်တန်း ရလဒ် ထွက်လာတဲ့ အခါမှာတော့ သမ္မတဦးသိန်းစိန် မရခဲ့ပါဘူး။ ဒီလို မရတဲ့ အပေါ်မှာလည်း ဘာကြောင့် မရတာ ဖြစ်နိုင်ကြောင်း သူ့မှာ တွေးတော ယူဆချက် ရှိမှာပါ။ အဲဒါနဲ့ ပတ်သက်လို့ မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

''သမ္မတ ဦးသိန်းစိန်ဟာ အငြင်းပွားဖွယ် လူပုဂ္ဂိုလ် တယောက် ဖြစ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရ ထဲမှာ ပါဝင်ခဲ့ဖူးသူ တယောက်ကို သူတို့ အထူး သတိထား စဉ်းစားလေ့ ရှိပါတယ်။ နောက်တခါ သူနဲ့ အတူ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ဖက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးထားပြီးသား ဆိုတော့ သူတယောက်တည်းကို ပေးရမယ့် အချက်ကို သူတို့ ဘက်က ထည့်သွင်း တွက်ချက်ခဲ့တာ ဖြစ်နိုင်ပါတယ်'' လို့ ဆိုပါတယ်။

နောက်တခါ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အထိမခံ အကဲ ဆတ်လွန်း နေသေးတဲ့ အခြေအနေမှာပဲ ရှိသေးတဲ့ အချက်နဲ့၊ ကချင်နဲ့ လက်နက်ကိုင် တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေသေးတဲ့ အချက်ကိုလည်း သူရေးတဲ့ ဆောင်းပါးထဲမှာ ထောက်ပြထား ပါတယ်။

သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးနဲ့ လူထွက်သွားတဲ့ အသျှင် ဂမ္ဘီရလည်း တစ်ပေးခံရတဲ့ အထဲမှာ ပါပါတယ်

ထိပ်ဆုံးက တစ်ပေးခံထား ရပြီး နိုဘဲလ်ဆုနဲ့ လွဲခဲ့သူ ကတော့ နိုင်ငံရေး အန်တုမှု အကြောင်း ရေးသားခဲ့သူ ဂျင်းရှပ်ဖြစ်ပါတယ်။ ဂျင်းရှပ်ရဲ့ သီအိုရီဟာ မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူတွေ အကြားမှာလည်း တော်တော် သြဇာ သက်ရောက်ခဲ့ဖူးတဲ့ အတွေး အခေါ်တရပ် ဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်းနယ်စပ် အခြေစိုက် နိုင်ငံရေး လှုပ်ရှားသူတွေ အကြားမှာ တော်တော် ရေပန်းစားခဲ့ဖူး ပါတယ်။ နောက်တခါ အာရပ်ဒေသ လူထု လှုပ်ရှားမှုတွေ အပေါ်မှာ လည်း ဂျင်းရှပ်ရဲ့ သြဇာ တော်တော် သက်ရောက်ခဲ့ တယ်လို့ ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်။ ဒါပေမဲ့ သူလည်း ဆုမရခဲ့ပါဘူး။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထဲက နောက်ထပ် တစ်ပေးခန့်မှန်းခံခဲ့ရသူ ကတော့ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးနဲ့ လူထွက်သွားတဲ့ အသျှင် ဂမ္ဘီရပါ။

ဘာသာရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အပြောင်း အလဲတွေကို ဖန်တီးရာမှာ အရေးပါတဲ့ အတွက် ဒီအမျိုးအစားဆုကိုလည်း ပေးလေ့ရှိပါတယ်။

သံဃာ့ တပ်ပေါင်းစု အဖွဲ့ဟာ ၂၀၀၇ သံဃာ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ၂၀၀၈ ၊ ၂၀၁၀၊ ၂၀၁၂ ခုတွေမှာ ဖြစ်လာတဲ့ အပြောင်းအလဲ တွေဟာ အဲဒီလှုပ်ရှားမှုရဲ့ အကျိုးဆက်တွေလို့ ရှုမြင်တဲ့ အတွက် သံဃာ့ တပ်ပေါင်းစုနဲ့ အသျှင်ဂမ္ဘီရ တို့လည်း ရကောင်း ရနိုင်တယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီလို မြန်မာနဲ့ ပတ်သက်သူတွေကို တော်တော်လေး ခန့်မှန်းခဲ့ကြပေမဲ့ ဒီတနှစ် မှာတော့ နိုဘဲလ်ဆုနဲ့ မြန်မာလွဲချက် နာခဲ့ ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။