BBC navigation

မန္တလေးနဲ့ စစ်တွေမှာ သံဃာတော်တွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 16:06 GMT
Monks

ရန်ကုန်မှာ သံဃာတွေ ကန့်ကွက် ဆန္ဒပြ

မြန်မာ နိုင်ငံမှာ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ရုံးခွဲတွေ ဖွင့်လှစ်ဖို့ စီစဉ်မှုနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီး ခံရမှုတို့နဲ့ ပတ်သက်ပြီး မန္တလေးမြို့ နဲ့ စစ်တွေ မြို့တို့မှာ သံဃာတော်တွေ ဆန္ဒပြခဲ့ကြ ပါတယ်။

မန္တလေး မြို့မှာ သံဃာ သုံးထောင်ကျော် ဆန္ဒ ထုတ်ဖေါ် ချီတက်ခဲ့ကြ တယ်လို့ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာ တစ်ပါးက မိန့်ပါတယ်။

ဒီ ဆန္ဒ ပြပွဲမှာ ဦးဆောင် ဆရာတော် အနေနဲ့ကြွချီနေတဲ့ မြ၀တီမင်းကြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရိယာ ဝံသာဘိ ဝံသ က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဗုဒ္ဒဘာသာ သာသနိက အဆောက် အဦ တွေကို ဖျက်ဆီး ခဲ့မှုဟာ ဗုဒ္ဓ ဘာသာ ကိုသာ မက ကမ္ဘာကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းမှု ကိုပါ ခြိမ်းခြောက်တယ်လို့ ယူဆတဲ့ အတွက် ကန့်ကွက် ကြတာလို့ မိန့်ပါတယ်။

သူတို့ရဲ့ သဘောထားကို ကမ္ဘာက သိစေချင်တဲ့ အတွက် ထုတ်ဖော် ဆန္ဒပြတာ ဖြစ်တယ်လို့လည်း ဆရာတော်က ဘီဘီစီကို ပြောပါတယ်။

မန္တလေးက သံဃာတော် တွေရဲ့ ဆန္ဒထုတ်ဖေါ်ပွဲဟာ သက်ဆိုင်ရာ ဆီမှာ ခွင့်ပြုချက် မယူဘဲ လုပ်ခဲ့တာ ဖြစ်ပေမဲ့ အာဏာပိုင်တွေ ဘက်က ဓါတ်ပုံ မှတ်တမ်း ယူတာက လွဲလို့ တစုံတရာ နှောင့်ယှက် ဟန့်တားမှု မရှိဘူးလို့ ဆို ပါတယ်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင် သံဃာတော်တွေ ရခိုင် လူငယ်တွေ အပြင် မရမာကြီး လူမျိုး တွေနဲ့ ဟိန္ဒူ ဘာသာဝင် တွေကလည်း ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံ နေရာ တချို့နဲ့ ရခိုင် ပြည်နယ် အတွင်း OIC ရုံးခန်းတွေ ဖွင့်လှစ်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ အဆောက် အဦးတွေ တိုက်ခိုက် ခံရမှုမျိုး ထပ် မဖြစ်အောင် အကာအကွယ် ပေးဖို့၊ ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူဖို့ စတာတွေ တောင်းဆို ခဲ့ကြတယ် လို့ ဆန္ဒ ပြပွဲ ဦးဆောင် လှုပ်ရှားသူ ကိုကျော်ဇော်ဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာလည်း အလားတူ ဆန္ဒပြပွဲတွေကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိ လင်္ကာနဲ့ ဗြိတိန် နိုင်ငံတို့မှာ ဗုဒ္ဓ ဘာသာ အဖွဲ့အစည်းတွေက ကန့်ကွက် ဆန္ဒ ပြခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။