BBC navigation

KNU ဗဟို အလုပ်အမှုဆောင် စောဒေးဗစ်ထော ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2012 - 22:55 GMT
bbc_304knu_304x171

အစိုးရ နဲ့ KNU ငြိမ်းချမ်းရေးတည်ဆောက်ချိန် ခေါင်းဆောင် ဆုံးရှုံး

KNU ဗဟို အလုပ်အမှုဆောင်၊ တရားရေးဌာန တာဝန်ခံ ဖဒို စောဒေးဗစ်ထော ဟာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ အောက်တိုဘာလ ၁၄ ရက်နေ့ည မှာ အဆုတ်ရောဂါ နဲ့ ကွယ်လွန်သွားတဲ့ အကြောင်းဆေးရုံမှာ ရောက်နေတဲ့ ဦးနှောက် နဲ့ အာရုံကြော ဆရာဝန်ကြီး ဒေါက်တာဆိုင်မွန်သာ နဲ့ ဖဒို ဒေးဗစ်ထောရဲ့ ဇနီးတို့ က ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။

ဖဒို ဒေးဗစ်ထော ဟာ အခြား KNU ခေါင်းဆောင်တွေ နဲ့ အတူ ကရင်ပြည်နယ် ဘားအံမြို့မှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံး ဖွင့်ပေးဖို့ သွားခိုက်၊ မူလခံစားနေရတဲ့ အဆုတ်ရောဂါ ပြင်းထန်လာတဲ့ အတွက် အစိုးရ တာဝန်ခံတွေ ကနေ မင်္ဂလာဒုံ စစ်ဆေးရုံ ကိုတင်ပြီး ကုသပေးခဲ့တာ သီတင်း နှစ်ပတ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မှာ ရောဂါဖေါက် လာပြီး မနေ့က တနင်္ဂနွေနေ့ ည မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

အခုအချိန်လို နိုင်ငံတော် အစိုးရနဲ့ KNU ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အရေးပါကာလ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း မှာ ကရင်အမျိုးသားတွေ ရဲ့ ခေါင်းဆောင် တယောက် ဆုံးရှုံးမှု ဟာ တော်လှန်ရေး အတွက် ရော ကရင်အမျိုးသားတွေ အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှု လို့ KNU မှ ဖဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဖဒို စောဒေးဗစ်ထော ကို ဧရာဝတီတိုင်း ဟင်္သာတမြို့ မှာ အဖ ဦးရွှေထော နဲ့ အမိ နော်မေဖိုး တို့မှ ၁၉၄၈ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ငယ်စဉ်က အင်းစိန် နဲ့ အလုံ ကူရှင် ကျောင်းတွေမှာ မူလတန်း ကနေ အထက်တန်း အထိ ပညာ သင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ် က သမိုင်းအဓိက နဲ့ မဟာဝိဇ္ဇာ ဘွဲ့ ရခဲ့တဲ့သူ ဖြစ်ပါတယ်။

အစိုးရ ဘဏ်မှာ အလုပ်ဝင် အပြီး တိုင်းကောင်စီ အရွေးခံရမယ့် အချိန်မှာ သူပုန်နဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲ ခံရလို့ ကရင်တော်လှန်ရေး နယ်မြေ ကို ၁၉၇၉ ခုမှာ ရောက်လာခဲ့တါ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးနော်ဂျင်ဂျာ နဲ့ သမီး သုံးယောက်၊ သား နှစ်ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ဖဒို ဒေးဗစ်ထော ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ် ကို အောက်တိုဘာလ ၁၅ ရက်နေ့ မနက်မှာ ထိုင်းမြန်မာ နယ်စပ် ကို ပြန်လည် သယ်ဆောင်လာပြီး နှစ်ခြင်း ခရစ်ယာန် ထုံးစံ အရ သင်္ဂြိုဟ်မယ့် အကြောင်း ဇနီးဖြစ်သူ နော်ဂျင်ဂျာ က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။