BBC navigation

စောဒေးဗစ်ထောရဲ့ ရုပ်ကလပ် မဲဆောက် ပြန်ရောက်

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 15:59 GMT
KNU Peace talks

ငြိမ်းချမ်းရေး ဆွေးနွေး စဉ် စောဒေးဗစ်ထော ကွယ်လွန်တာ သူတို့ရဲ့ ဆုံးရှုံးမှုလို့ ကရင် တိုင်းရင်းသား တွေ ယူဆ

ဖဒို စောဒေးဗစ်ထောရဲ့ ကြွင်းကျန် ရုပ်ကလပ် ပါတဲ့ မှန်ခေါင်းကို ကရင်ပြည် နယ် ဘားအံမြို့ ပြည်သူ့ ဆေးရုံကြီးက လူနာတင်ကားဟာ မဲဆောက်မြို့က KRC ကရင် ဒုက္ခသည် ရေးရာ ကော်မီတီရုံး ကို တနင်္လာနေ့ မွန်းလွဲ သုံး နာရီလောက်က ရောက်ခဲ့ ပါတယ်။

ဖဒို စောဒေးဗစ်ထောရဲ့ ရုပ်ကလပ်ကို ရန်ကုန်တိုင်း ဒေသကြီး ကရင်ရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာဆိုင်မွန်သာ၊ ဖလုံ စဝေါ် ပါတီ ဘားအံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွားတို့ ဦးဆောင်ပြီး ရန်ကုန် ကနေ မဲဆောက် အရောက် လာပို့ ရာမှာ ဂုဏ်သရေရှိ ကရင် လူမျိုး အတော် များများ လိုက်ပါ လာကြ ပါတယ်။

ဖဒို စောဒေးဗစ်ထောကို ဆေးကုသမှု အပိုင်းက စပြီး တာဝန်ယူ ဆောင်ရွက် ပေးခဲ့တဲ့ မြန်မာ အစိုးရဟာ ကွယ်လွန် သွားတော့လည်း မိသားစု ဆန္ဒ အတိုင်း ဆောင်ရွက် ပေးပါတယ် လို့ ရန်ကုန်တိုင်း ဒေသကြီး ကရင် ရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ကေအန်ယူနဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ ကာလမှာ ငြိမ်းချမ်းရေး အတွက် အားထား ရမယ့် ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွား ပေမဲ့ အောင်မြင့်တဲ့ အထိ ဆက်လက် ဆောင်ရွက် သွားမယ်လို့ ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးက ပြောပါတယ်။

ဖလုံ စဝေါ်ပါတီက ဘားအံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းစေးအွား ကလည်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် နေစဉ်မှာ တန်ဖိုးရှိတဲ့ သူတစ်ဦး ကွယ်လွန် သွားရ တာဟာ ကရင် လူမျိုးတွေ အတွက် ဆုံးရှုံးမှု တရပ်လို့ ပြော ပါတယ်။

ဖဒို စောဒေးဗစ်ထောရဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၇ ရက်နေ့မှာ သဂြိဟ်မှာ ဖြစ်ပါတယ်။

သဂြိုဟ်မယ့် နေရာ ဖြစ်တဲ့ ကေအင်အယ်လ်အေ တပ်မဟာ ၇ ရဲ့ သေဘေထ စခန်းဆီကို KRC က ဆက်ပြီး သယ်ဆောင် သွားခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။