BBC navigation

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဘယ်သူ ဖြစ်လာမလဲ

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 15:17 GMT
ကြံ့ခိုင်ရေးပါတီညီလာခံကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်

ကြံ့ခိုင်ရေးပါတီညီလာခံကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီ ပထမအကြိမ်ညီလာခံ ဒုတိယနေ့မှာ တိုင်းဒေသကြီး ကိုယ်စားလှယ် အစုအဖွဲ့၅ခုက စာတမ်းတင်ဆွေးနွေးခဲ့ကြပါတယ်။ လူအများကတော့ မနက်ဖန် ပါတီဥက္ကဌတာဝန်ကို ဘယ်သူအရွေးခံရမလဲလို့ စောင့်မျှော်နေကြပါတယ်။

ပြည်တွင်းထုတ် သတင်းစာတွေမှာတော့ သမ္မတဦးသိန်းစိန်ကို သမ္မတရော ပါတီဥက္ကဌအဖြစ်ပါရေးသားထားသလို နိုင်ငံတော်ဖွဲ့စည်းပုံအရလည်း သမ္မတ ဒုတိယသမ္မတစတဲ့နေရာ အရွေးခံရသူတွေဟာ ပါတီတာဝန်ကို ထမ်းဆောင်လို့မရပေမဲ့ ရာထူးကနှုတ်ထွက်စရာမလိုဘူးလို့ သမ္မတ ဝက်ဆိုဒ်မှာရေးထားပါတယ်။

ဒီတော့ ဘယ်သူခေါင်းဆောင်ဖြစ်မယ့် အလားအလာရှိသလဲ ပါတီဝင်ထုရဲ့သဘောထားဘယ်လို့ရှိသလဲလို့ ညီလာခံတက်ရောက်နေတဲ့ ပြည်ထောင်စုနယ်မြေ ပါတီကော်မီတီ နာယက ဦးလှမြင့်ဦးကို မေးကြည့်တဲ့အခါ လောလောဆယ် ပါတီဝင်ထုရဲ့ သဘောထားကို တော့အမျိုးမျိုးရှိလို့ အသေအချာမပြောနိုင်ကြောင်း သမ္မတ အနေနဲ့လည်း အခြေခံဥပဒေအရ ပါတီတာဝန်တွေတက်ကြွစွာ ပါဝင်လို့မရဘူးလို့သာပါတဲ့အတွက် ဥက္ကဌရာထူးက ထွက်ဖို့မလိုကြောင်း ပါတီဟာလည်း တိုင်းပြည်အတွက်လုပ်တာဖြစ်လို့ သူ့အနေနဲ့ သမ္မတဆက်ပြီး ပါတီခေါင်းဆောင်လုပ်ရင် အထူးပြောစရာ မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

အခုအခါ ပါတီမှာခေါင်းဆောင်တာဝန် ကိစ္စနဲ့ပတ်သက်လို့ ပါတီ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ဖို့ စီစဉ်နေကြောင်းသူက ဆက် ပါတယ်။

အများဝေဖန်နေသလို ကြံ့ခိုင်ရေး ပါတီအတွင်း ခေါင်းဆောင်ပိုင်း အားပြိုင်မှုမရှိတဲ့အကြောင်းနဲ့ ပါတီရဲ့ဆောင်ရွက်ချက်တွေမှာ အားနည်းတာရှိရင်လည်း သုံးသပ်ပြင်ဆင်သွားမယ်လို့ ဦးလှမြင့်ဦးက ဘီဘီစီကို ပြောသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။