BBC navigation

မြန်မာနိုင်ငံမှာ ITUC ရုံးခန်းဖွင့်မယ်

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 17:15 GMT
ITUC

ITUC အထွေထွေ အတွင်းရေးမှူး မစ္စ ရှယ်ရွန်ဘာရိုး (Photo:ITUC)

ITUC ခေါ် နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြန်မာ နိုင်ငံမှာ ရုံးခန်း လာရောက်ဖွင့်လှစ် ဖို့ ပြင်ဆင်နေပါတယ်။

ဒီတော့ ဘယ်တော့လောက်မှာ စပြီး ဖွင့်လှစ် ဖြစ်မလဲ ဆိုတာကို အဲဒီ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး မစ္စ ရှယ်ရွန် ဘာရိုး ကို ဆက်သွယ်မေးကြည့်တော့ အခုလို ဖြေကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရုံးဖွင့်နိုင်ဖို့ကို အမြန်ဆုံး လုပ်ဆောင်သွားမယ့် အကြောင်း၊ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက မြန်မာနိုင်ငံကို သွားတုန်းက အလုပ်သမား ဝန်ကြီး နဲ့ သမ္မတ ရုံးတို့နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီမှာ ရုံးဖွင့်ဖို့ အပါအဝင် နားလည်မှု စာချွန်လွှာ ထိုးဖို့ ဆွေးနွေးခဲ့ကြောင်း၊ တချိန်တည်းမှာပဲ မြန်မာပြည်ကို အကြိမ်ကြိမ်လာလို့ရတဲ့ ဗီဇာ ထုတ်ပေးရေးတွေလည်း ဆွေးနွေးခဲ့တဲ့ အကြောင်း၊ ITUC အဖွဲ့ ဘက်ကနေ ကျွမ်းကျင် ပညာရှင်တွေ၊ အလုပ်သမား ရေးရာတွေမှာ အကူအညီပေးဖို့ ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပြီး နားလည်မှု စာချွန်လွှာကိုတော့ ဒီလအတွင်းမှာ ထိုးနိုင်ဖို့ မျှော်လင့်ပြီး ရုံးခန်းကတော့ ဒီနှစ်ကုန်မှာ ဖွင့်နိုင်မယ်လို့ မျှော်မှန်းထားတဲ့ အကြောင်း ဖြေကြား ခဲ့ပါတယ်။

တခါ ရုံးဖွင့်ခွင့် ရတဲ့အခါ ဘာတွေ စတင် ဆောင်ရွက်ဖို့ ရှိပါသလဲ ဆိုပြီး မေးခဲ့တာကိုတော့ မစ္စ ဘာရိုးက သူတို့ စလုပ်မှာကတော့ Capacity Building လို့ ခေါ်တဲ့ စွမ်းရည် မြှင့်တင်မှု လုပ်ငန်းတွေကို စလုပ်မှာ ဖြစ်ပြီး FTUB မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ပြည်တွင်းက အောက်ခြေမှာလှုပ်ရှားနေတဲ့ အလုပ်သမား သမဂ္ဂတွေကို အကူအညီပေးဖို့ ၊ ဒီအဖွဲ့တွေအတွက် လိုအပ်ရင် သင်တန်းတွေ ပေးဖို့ လုပ်မယ့် အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး သမဂ္ဂအဖွဲ့တွေ ဘယ်လို လှုပ်ရှားကြသလဲ၊ အလုပ်သမားတွေရဲ့ အသံကို ဘယ်လို စုစည်း ဖော်ထုတ်မလဲ၊ အလုပ်ရှင်တွေနဲ့ ဘယ်လို ညှိနှိုင်းကြမလဲ၊ ဥပဒေကြောင်းအရ ဘယ်လို အရေးယူ ဆောင်ရွက်မလဲ စတာတွေကို လက်ဆင့်ကမ်း ပေးနိုင်ဖို့ ဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တုန်းကလဲ အလုပ်သမားအဖွဲ့ဝင်တွေ ၃၀၀ လောက်နဲ့ တွေ့ဆုံခဲ့ပြီး အလုပ်သမားရေး ဆောင်ရွက်ဖို့ အားလုံးက စိတ်အားထက်သန်နေကြတာ တွေ့ခဲ့ရကြောင်းနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ ဥပဒေက ခွင့်ပြုလာလို့ အလုပ်သမားရေးရာ အနာဂတ်က ပိုကောင်းလာတယ်လို့ ပြောနိုင်ပေမယ့် အခက်အခဲတွေကတော့ ရှိနေပါသေးတဲ့ အကြောင်းကို ပြောကြား သွားပါတယ်။

အဲဒီတော့ လတ်တလောမှာရော မြန်မာနိုင်ငံရဲ့ အလုပ်သမားရေးရာမှာ ဘယ်လို အခက်အခဲတွေ ရှိနေတာ တွေ့ရပါသလဲ ဆိုတဲ့ အမေးကိုတော့ ပြသနာတွေက အများအပြား ရှိနေပါသေးသလို အလုပ်သမားတွေ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်၊ အလုပ်သမားအခွင့်အရေး တောင်းဆိုခွင့် ရှိတယ်ဆိုတာ အလုပ်ရှင်တွေ နားလည်ဖို့ လိုအပ်တဲ့ အကြောင်း၊ နောက်ပြီး လက်တွေ့ လုပ်နေရတဲ့ သမဂ္ဂတွေရဲ့ ကိုယ်တိုင် စွမ်းဆောင်နိုင်မှု လိုအပ်နေသလို ဒေသအလိုက်နဲ့ နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းတွေအဖြစ် ထိထိရောက်ရောက် ဖွဲ့စည်းဆောင်ရွက်နိုင်မှ ITUC လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပိုမို ပူးတွဲ ဆောင်ရွက်နိုင်မှာ ဖြစ်သလို သူတို့ဘက်က ပိုမို ကူညီနိုင်မှာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

တခါ လွှတ်တော်ပိုင်းကနေလည်း အလုပ်သမားတွေနဲ့ပတ်သက်တဲ့ အထူးသဖြင့် အလုပ် ခန့်ထားရေးနဲ့ ပတ်သတ်တဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ လိုသလို ရှိပြီးသားဥပဒတွေထဲက အားနည်းချက်တွေရှိနေတာကို ပြင်ဆင်ဖို့ လိုပါသေးတဲ့ အကြောင်းနဲ့ အခု နိုင်ငံတကာ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံရင်လည်း သူတို့ရဲ့ အဖွဲ့က နိုင်ငံတကာ အလုပ်ရှင်ကြီး တွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်တာတွေ ရှိလို့ အလုပ်သမား အခွင့် အရေးတွေအတွက် သူတို့ လာရင်လည်း အကာအကွယ် ပေးနိုင်ဖို့ လုပ်ဆောင်သွားနိုင်မှာ ဖြစ်သလို နိုင်ငံတကာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ILO နဲ့လည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ ရှိတဲ့ အကြောင်း ဖြေကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။