BBC navigation

ဟိုတယ်နဲ့ ခရီးသွားလာမှုကို ထိုင်းလုပ်ငန်းရှင်တွေ မျက်စိကျ

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 01:11 GMT

ထိုင်းမြန်မာ ကုန်သွယ်ရေးမှာ အရေးကြီးတဲ့ မဲဆောက် မြ၀တီဂိတ်

အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘန်ကောက်ဘဏ်က ကြီးမှူးတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ ရဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘန်ကောက်ဘဏ် ရဲ့ ဒုတိယ ဥက္ကဌ မစ္စတာ သန်နစ် ဆရီချုပ်ကို ထိုင်းရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနိုင်ပါလဲလို့ မေးကြည့်တော့ သူက ရင်းနှီး မြှုပ်နှံမှုဆိုင်ရာနဲ့ ပတ်သက်ပြီး ဘန်ကောက်ဘဏ်မှာ ငွေအပ်နှံသူတွေကို တခြားနိုင်ငံတွေကနေ မြန်မာနိုင်ငံမှာ ရင်နှီးမြှပ်နှံမှုတွေ အများကြီး မဝင်လာခင်မှာ ကိုယ်က လက်ဦးမှုယူပြီး ရင်းနှီးမြှုပ်နှံကြပါလို့ ဒီဆွေးနွေးပွဲမှာ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဒီပွဲကို တက်ရောက်လာကြတဲ့ လူပေါင်း ၇၀၀ ကျော်လောက်မှာ တချို့ဆိုရင် မြန်မာနိုင်ငံထဲကို ၀င်ပြီး ရင်းနှီးမြှပ်နှံမှုတွေကို စတင်လုပ်ဆောင်နေပါပြီ ၊ တော်တော်များများ ကလည်း အလားတူ လုပ်ဆောင်ဖို့ စိတ်၀င်စားကြ ပေမယ့် တချို့ကလည်း မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုတာကို စောင့်နေကြပါတယ်လို့ သူက ပြောပါတယ်။

ထိုင်းလုပ်ငန်းရှင်တွေက ဘယ်လိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ ဘက်ကို စိတ်၀င်စားမှု ပြနေလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက ဖြေကြားရာမှာ ဘန်ကောက်ဘဏ်က ထိုင်းရင်းနှီးမြှုပ်နှံသူတွေကတော့ ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်းတွေ၊ ကျန်းမာရေး ဝန်ဆောင်မှု ဆိုင်ရာတွေ နဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်၀င်စားကြပါတယ်လို့ မစ္စတာ ဆရီချုပ်က ရှင်းပြပါတယ်။

ဒါ့အပြင် ဘန်ကောက်ဘဏ်ကနေ ရန်ကုန်မြို့မှာ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့် လိုင်စင်ရတာ ၁၇ နှစ် ရှိသွားပြီ ဖြစ်တာကြောင့် သူတို့ အနေနဲ့ မြန်မာဘဏ်တွေနဲ့ ဆက်ဆံရေးကိုလည်း ကောင်းမွန်သထက် ကောင်းမွန်အောင် လုပ်ဆောင် နေတဲ့ အပြင် မြန်မာဘဏ်တွေ ဖက်ကလည်း ထိုင်းလုပ်ငန်းရှင် တွေကို ကူညီနိုင်တဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးနေပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို စောင့်နေရမှု အပြင် တခြား စိန်ခေါ်မှုတွေကတော့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိနေတာ၊ လျှပ်စစ်မီး မလုံလောက်တာ၊ ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေ တိုးတက်ဖို့ လိုအပ်တာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာက ကျနော်တို့ အတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း ရင်းနှီးမြှပ်နှံမှုတွေ တဖြည်းဖြည်း များလာတာနဲ့ အမျှ ဒီလိုအပ်ချက်တွေ ကလည်း တဖြည်းဖြည်း ပြည်စုံလာမယ်လို့ မျှော်လင့်ကြောင်း သူက ဆိုသွားခဲ့ ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကရော ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ဘယ်လောက် အထိ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါသလဲလို့ မေးတဲ့ အခါ သူက မြန်မာနိုင်ငံမှာ ဥပဒေပြဌန်းချက်တွေ၊ လိုက်နာရမယ့် စည်းကမ်းချက်တွေက တော်တော်များပြီး နိုင်ငံခြားသားတွေအနေနဲ့ အားလုံးကို သေချာ သဘောပေါက် နားလည်နိုင်ဖို့ အင်မတန် ခဲယဉ်းတာကြောင့် ဒါတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဆောင်နိုင်ဖို့က အရမ်းကို အရေးကြီးပါတယ်လို့ မစ္စတာ ဆရီချုပ်က ပြောသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။