BBC navigation

ရန်ကုန်မှာ ရှေ့နေတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 17 အောက်တိုဘာလ 2012 - 17:53 GMT
Lawyers' protest

တရားရုံးအဆောက်အဦကို ပုဂ္ဂလိက မလွှဲစေချင်

ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးချုပ်အဆောက်အဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ပုဂ္ဂလိကလက်ကို လွှဲပြောင်းတဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ ရှေ့နေ ၂၀၀၀ကျော်က အဲဒီအဆောက်အဦးတွေရှေ့မှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦများ ဥပဒေနှင့်အညီ ကာကွယ်ရေး၊ တရားရုံးအဆောက်အဦများ အငှားချမစားပါနဲ့၊ တိုးမြှင့်တံဆိပ်ခေါင်းခွန်နှုန်းထားများ ပြည်သူမလိုလား စတဲ့ တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုင်ထားတဲ့ ရှေ့နေ ၂၀၀ကျော်ဟာ မဟာဗန္ဓုလပန်းခြံလမ်း မှာရှိတဲ့ တရားလွှတ်တော် အဆောက်အဦ ရှေ့ကနေ ကုန်သည်လမ်းမှာ ရှိတဲ့ ရန်ကုန်တိုင်း စုပေါင်းတရားရုံးထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးမရခင် ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ ဒီအဆောက်အဦးတွေကို ရှေးဟောင်းအမွေအနှစ်အတိုင်း ဒီတိုင်းရှိစေချင်လို့ ဆန္ဒပြရတာ ဖြစ်တဲ့အကြောင်း ရှေ့နေများကွန်ယက်အဖွဲ့၀င် ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်သိန်းက ရှင်းပြပါတယ်။

ဒီအဆောက်အဦး ၂ခုကို ပြုပြင်ဖို့ ရန်ကုန်တိုင်း အစိုးရမှာ လျာထားငွေ မရှိဘူးဆိုရင် ရှေ့နေများ ကွန်ယက်အနေနဲ့ ကူညီဖြေရှင်းသွားမယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

Lawyers' protest

ငွေလိုရင် ငွေရှာပေးသွားမယ်လို့ ရှေ့နေတွေကပြော

ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) သတ်မှတ်ထားတဲ့ အတိုင်း ရှေးဟောင်း အဆောက်အဦတွေကို ထိန်းသိမ်းပြီး ဒီအဆောက်အဦတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အဖြစ် ပြောင်းလဲ ဖွင့်လှစ်သွားမှာကို မလိုလားဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

ဖြစ်နိုင်ရင် ဒီ အဆောက်အဦတွေကို မူလက အတိုင်း တရားရုံးတွေ အဖြစ် ပြန်လည် အသုံးပြုသွားဖို့ ဆန္ဒရှိကြောင်းလည်း သူတို့က ပြောပါတယ်။

ရှေ့နေများကွန်ယက်ရဲ့ ဒီကနေ့တောင်းဆိုချက်ထဲမှာ တရားစွဲဆိုရာမှာသုံးတဲ့ အခွန်တံဆိပ်ခေါင်းနုန်းထားတွေ အဆ ၁၀၀လောက် တိုးမြင့်တာကို ပြန်လည် စဉ်းစားဖို့ တောင်းဆိုသွားခဲ့ ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။