BBC navigation

လူ့အခွင့်အရေးကိစ္စ အမေရိကန် မြန်မာ ပွင့်ပွင့်လင်းလင်း ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 01:39 GMT

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Posnerနဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့

အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရအကြား လူ့အခွင့်အရေး ကိစ္စအကြောင်း ပထမ အကျော့ ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်းနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် လာတာနဲ့အမျှ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ တခြား အတိမ်း အစောင်း မခံတဲ့ ကိစ္စရပ်မျိုးတွေကို ဆွေးနွေး ပြောဆိုဖို့ ပွင့်လင်းတဲ့ ဆက်ဆံရေး လမ်းကြောင်း တခု အခုအခါ ထားရှိနိုင်ပြီလို့ အမေရိကန် အစိုးရအနေနဲ့ ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner ခေါင်းဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနဲ့ ဆွေးနွေးပွဲ ရလဒ်ကို ကြည့်ခြင်းအားဖြင့် အလွန် အပြုသဘော ဆောင်တာ တွေ့ရကြောင်း၊ မြန်မာအာဏာပိုင်တွေနဲ့ ဒီလို တွေ့ဆုံဆွေးနွေးမှုမျိုးတွေ ဆက်လုပ်ဖို့ မျှော်လင့်ထားပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ လုံးဝ မရှိတော့တဲ့အထိ ရောက်အောင် ဆောင်ရွက်ဖို့ လိုနေသေးတယ်ဆိုတာကို အတိအလင်း ထုတ်ဖေါ် ပြောခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း Ms nuland က ပြောပါတယ်။

မစ္စတာ Posner နဲ့ အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က NLD အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။