BBC navigation

Cobra Gold စစ်လေ့ကျင့်မှု အတွက် မြန်မာကိုဖိတ်

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 16:23 GMT
Cobra Gold exercises

စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် သောင်းကျော် ပါဝင်

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဦးဆောင်ပြီး ထိုင်းနိုင်ငံမှာ နှစ်စဉ် ကျင်းပတဲ့ Cobra Gold ဒေသတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ လာမယ့်နှစ်မှာတော့ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ပါဝင် တက်ရောက်ဖို့ ဖိတ်ခေါ်မယ်လို့ သိရပါတယ်။

Cobra Gold ဆိုတာက ကမ္ဘာမှာ အကြီးဆုံး နိုင်ငံတကာပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးတခု ဖြစ်ပါတယ်။ ဦးဆောင် စီစဉ်တဲ့ အမေရိကန်နဲ့ အိမ်ရှင် ထိုင်းနိုင်ငံတို့ အပြင် တောင်ကိုးရီးယား၊ ဂျပန်၊ မလေးရှား ၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတွေက စစ်သား သောင်းဂဏန်းထိ ပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံအများအပြားလည်း လေ့လာသူအဖြစ် တက်ရောက်ကြပါတယ်။

အခုလာမယ့်နှစ်မှာတော့ မြန်မာကို ဖိတ်ကြားမယ်ဆိုတာနဲ့ပတ်သက်ပြီး ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ထနားထစ်ပ် စဝမ်စဲန် ကဘီဘီစီကို အခုလို ပြောပါတယ်။

"လာမယ့်နှစ် စစ်ရေးလေ့ကျင့်ဖို့အတွက် ထိုင်းနိုင်ငံအပါအဝင် လေ့ကျင့်ဘက်နိုင်ငံတွေ စက်တင်ဘာလတုန်းက ဆွေးနွေးခဲ့ကြပါတယ်။ လာမယ့်နှစ်မှာ ဘယ်နိုင်ငံတွေ ပါဝင်လေ့ကျင့်မလဲ၊ ဘယ်နိုင်ငံတွေက လေ့လာသူ အဖြစ် တက်ရောက်မလဲ ဆိုတာဆွေးနွေးဖြစ်တယ်။ မြန်မာစစ်တပ်ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြီးသတ် ဆုံးဖြတ်ချဖို့အတွက် အခုလကုန်ပိုင်းမှာ ဆွေးနွေးဖို့ရှိပါတယ်။"

Cobra Gold စစ်ရေး လေ့ကျင့်မှုမှာ မြန်မာပါဝင်ဖို့ ဆုံးဖြတ်ပြီးပြီလား ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးကတော့ တိတိကျကျ ရှင်းပြဖို့ ငြင်းပါတယ်။

လေ့လာသူအဖြစ် ဖိတ်ကြားထားမှုရှိတယ်၊ ဒါပေမယ့် မြန်မာဖက်ကတော့ အဖြေမပေးရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။ တခြားနိုင်ငံတခုခုနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေနဲ့ အညီ လုပ်သွားမယ်လို့ သူက ပြောပါတယ်။

အခုလို အမေရိကန်နဲ့ အာရှဒေသတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာကို ဖိတ်ခေါ်တဲ့ သတင်းထွက်လာချိန်ဟာ အမေရိကန် ကာကွယ်ရေး လက်ထောက်ဝန်ကြီးအပါအဝင် စစ်ရေး အရာရှိတွေ၊ နောက်ပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာနိုင်ငံကို ဒီတပတ်အတွင်း ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်အရာရှိကြီး တွေဟာ မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော် နဲ့လည်း တွေ့ဆုံခဲ့သလို Human Rights Dialogue ဆိုတဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်းပ ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။