BBC navigation

ရခိုင်အရေး အစီရင်ခံစာ အချိန် မမီနိုင်

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 16:07 GMT
Rakhine conflict in June 2012

ရခိုင်ပြည်နယ်မှာ အခြေအနေ တည်ငြိမ်လာလို့ အပြင်မထွက်ရ ကန့်သတ်ချိန် လျှော့ပေးလာ

ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ် မှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခတွေနဲ့ ပတ်သက်ပြီးလာမယ့်လမှာ တင်သွင်း ရမယ့် အစီရင်ခံစာကို အချိန်မီ ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က ပြောပါတယ်။

အလွှာ ပေါင်းစုံက လူတွေ ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက် တွေကို လာမယ့်လ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတဆီ တင်သွင်းဖို့ ဖြစ်ပေမဲ့ စုံစမ်း စစ်ဆေးတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေ တယ်လို့ ကော်မရှင် အဖွဲ့ဝင် လည်းဖြစ် ပြန်ကြားရေး တာဝန်ခံ တစ်ယောက်လည်း ဖြစ်တဲ့ ဦးသူရ ခေါ် ဇာဂနာက ဘီဘီစီကို ပြော ပါတယ်။

ကော်မရှင်ရဲ့ တာဝန်က ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ ဇစ်မြစ်၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးတို့ အပါအဝင် အချက် ၈ ချက်ကို စုံစမ်း လေ့လာ အဖြေ ရှာကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အဲဒီထဲမှာ အရေးကြီးဆုံးလို့ ဆိုနိုင်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး နဲ့ ပတ်သက်ပြီး နည်းလမ်းရှာဖို့ မေးမြန်း စုံစမ်းမှု တွေမှာ အခက် အခဲတွေ ရှိနေတယ်လို့ လည်း ဆိုပါတယ်။

အခု နောက်ပိုင်းမှာ စုံစမ်းရေး ကော်မရှင် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု နည်းလာပြီး ပြည်သူတွေက သူတို့ လုံခြုံရေးကို စိုးရိမ် လာကြတဲ့ အတွက် ပူးပေါင်း ဆောင်ရွက်မှု အားနည်း လာတယ်လို့ ဦးသူရက ပြော ပါတယ်။

ဒီလို ဖြစ်လာ ရတာက စုံစမ်းရေး ကော်မရှင်က တွေ့ဆုံ မေးမြန်း စကားပြောခဲ့ သူတိုင်းကို သူတို့ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ လျှို့ဝှက် ထားပေမဲ့ အဲဒီ မေးမြန်းမှုတွေကို ကြားဖြတ် အသံဖမ်းယူပြီး အများသိအောင် အင်တာနက်တွေ ပေါ်မှာ ဖြန့်တာ၊ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်တာတွေ ရှိတဲ့ အတွက် ဒါတွေကို ကော်မရှင် အဖွဲ့ဝင် တွေက လုပ်တာလို့ ထင်မြင်ပြီး လူတွေက ကြောက်သွား ကြတယ်လို့ ဆိုပါတယ်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်က လုပ်တာဟာ ဖြစ်ရပ်မှန်ကို မပေါ်ပေါက် စေချင်လို့ လား ဆိုပြီး မေးစရာ ဖြစ်လာတယ်လို့ ဦးသူရက ပြော ပါတယ်။

ဒါ့အပြင် သူက လောလောဆယ် အခက်အခဲတွေ ရှိနေပေမဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး အတွက်တော့ အဖြေရှာနိုင်လိမ့်မယ် ဆိုတာ သူ့ရဲ့ အတွေ့ အကြုံ အရ ပြောနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ပြဿနာဟာ အုပ်စုအတွင်း တချို့ရဲ့ ဦးဆောင်မှုတွေကြောင့် မမျှော်လင့်ဘဲ ဖြစ်ခဲ့ရ ပေမဲ့ နှစ်ဘက် အုပ်စုတွေ အချင်းချင်း ပြန်တွေ့ ကြတာကို တွေ့မြင်ရချိန် မှာတော့ အမုန်းတရားတွေ မရှိကြဘဲ နွေးနွေး ထွေးထွေး ဆက်ဆံ ပြောဆိုကြတာကို မြင်ရ တာဟာ အားရ စရာလို့ ဦးသူရ က ပြောပါတယ်။

မုန်းတီးမှု မရှိကြတဲ့ မတူညီတဲ့ အုပ်စု နှစ်စုကို မျက်နှာချင်းဆိုင် တွေ့ဆုံစေပြီး ဆွေးနွေး စကားပြောနိုင်အောင် ဖန်တီးပေးမယ်ဆိုရင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အတွက် အဖြေ ထွက်လာမယ်လို့ ဦးသူရက ယုံကြည် နေပါတယ်။

ဒီလို ဖြစ်လာအောင် ဗုဒ္ဓဘာသာ ဆရာတော် သံဃာတော်တွေကိုရော မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တွေကိုပါ အကူအညီတောင်းခံထားတယ်လို့ ကော်မရှင် ပြန်ကြားရေး တာဝန်ခံ တစ်ယောက် ဖြစ်တဲ့ ဦးသူရက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။