BBC navigation

၂၅ ရာခိုင်နှုန်း သစ်လျှော့ထုတ်မယ့် အစီအစဉ် မလုပ်နိုင်သေး

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 00:59 GMT

တရုတ်မြန်မာ နယ်စပ်မှာ စျေးကောင်းရတဲ့ မြန်မာသစ်တွေ

မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုကို ၁၉၉၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ပိုင်းကနေ နှစ်စဉ် ၂၅ ရာခိုင်နှုန်း လျှော့ချ ထုတ်လုပ်မယ် ဒါ့အပြင် ၁၉၉ရ ခုနှစ်မှာ သစ်လုံးလိုက် မထုတ်တော့ဘူး ဆိုတဲ့ Master Plan သစ်တောဝန်ကြီး ဌာနမှာ ရှိခဲ့ပေမယ့် လက်တွေ့မှာ မလုပ်နိုင်ဘူးလို့ သစ်လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

ဒါတွေက ပျက်ပြယ်သွားပြီး ပုဂ္ဂလိကပိုင် သစ်တွေကို မြန်မာ့ သစ်လုပ်ငန်းက အမည်ခံ ပြည်ပ ပို့ပေးခဲ့တာကြောင့် တိုင်းပြည် ဝင်ငွေလည်း မရ ၊ သစ်တွေလည်း ကုန် ဒါ့အပြင် သစ်ကုန်ကြမ်းလည်း မရှိတော့ဘဲ ရန်ကုန်မြို့အတွင်း သစ်စက် အလုံး ၁၅ဝ လောက်ဆို သစ်ကုန်ကြမ်းမရလို့ မလည်ပတ် နိုင်တော့ဘူးလို့ လုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။

အခုဆိုရင် ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားကို သစ်တင်ပို့ နိုင်တာ မရှိသလောက်ဘဲလို့ ဆိုပါတယ်။

အကြောင်းကတော့ အရည်အသွေး မမှီတဲ့ သစ်တွေဘဲ ဝယ်ယူ ရရှိနိုင်တာက တကြောင်း ၊ သစ်လုံးဝယ်ဖို့ ကြိုးပမ်းရတာ တကြောင်း ၊ ပြည်ပ တင်ပို့ရာမှာ လုပ်ငန်းဆောင်တာ အဆင့်ဆင့် ဖြတ်သန်း ရတာနဲ့ တရုတ် ၊ ထိုင်း ၊ မလေးနဲ့ စင်္ကာပူ တို့က မြန်မာသစ် အသုံးပြုထုတ်တဲ့ ပရိဘောဂတွေက မြန်မာ ပြည်တွင်း သစ်လုပ်ငန်းရှင်တွေ ထုတ်တဲ့ ပရိဘောဂထက် စျေးချို နေတာတွေ စသဖြင့် လုပ်ငန်းရှင် တယောက်က စျေးကွက် အခြေအနေကို ရှင်းပြခဲ့ပါတယ်။

မြန်မာ လုပ်ငန်းရှင်တွေ ပြည်ပမှာ ဝင်မတိုးနိုင်ရတာက နည်းပညာကြောင့် မဟုတ်ဘဲ ပြည်ပက လိုချင်သလောက် မပို့နိုင်တာရယ် လိုချင်တဲ့ အချိန် မပေးတာရယ် တွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နိုင်ငံခြားကုမ္ပဏီကနေ ကျွန်းသစ်ဖိုး အရင်ယူထားပြီး သစ်အကြွေး ပေးရမှာကလည်း တန်ချိန် သိန်းချီရှိတယ်လို့ သစ်လုပ်ငန်းရှင်တွေက ပြောပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။