BBC navigation

ပုသိမ် NLD အဖွဲ့ဝင် တချို့ နှုတ်ထွက်မယ်လို့ ပြော

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 17:50 GMT
NLD

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ပုသိမ်စည်းရုံးရေး သွားစဉ်က

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ပုသိမ် မြို့နယ်က ပါတီဝင် တချို့ နှုတ်ထွက်မယ်လို့ နှုတ်ထွက်မယ့် သူတွေက ဘီဘီစီကို ပြောပါတယ်။

မြို့နယ် ပါတီ ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့နဲ့ အခု နှုတ်ထွက်မယ့် မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် တချို့ အကြား သဘောထား ကွဲကြရာက ပါတီဝင် တချို့ နှုတ်ထွက်မယ်လို့ စနေနေ့က ဆုံးဖြတ် ကြကြောင်း သိရပါတယ်။

အဲဒီလို ပါတီဝင်တချို့ နှုတ်ထွက်မယ်လို့ မပြောခင် စနေ မနက်ပိုင်းကလဲ ပါတီရဲ့ နာယက အဖွဲ့ဝင် ဦးတင်ဦးလည်း ပုသိမ်ကို ရောက်လာပြီး ဒီကိစ္စကို ရှင်းလင်း ပြောကြား ခဲ့ကြောင်းလည်း သိရပါတယ်။

နှုတ်ထွက်မယ့်အထဲမှာ ဦးဆောင်ပါဝင်သူတွေကတော့ ပါတီအဖွဲ့ဝင်အဖြစ်က ယာယီ ရပ်စဲထားခံရတဲ့ ပုသိမ်မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာ သန်းထိုက်၊ ဦးညွန့်လှိုင်နဲ့ ဦးသန်းဝင်းတို့ ဖြစ်ကြပါတယ်။

နှုတ်ထွက်မယ့် သူတွေဟာ NLD ဗဟိုနဲ့ မြို့နယ် ပါတီ ညီလာခံ ကျင်းပရေး ကော်မရှင်တို့က တောင်းဆိုထားသလို အောင်နိုင်ရေး ရုံးက ဆိုင်းဘုတ်ကို ဖြုတ်ချပြီး ရုံးကို ပိတ်သိမ်းပေးမှာလည်း ဖြစ်သလို အောက်တိုဘာ ၂၇ ရက်မှာ စုပေါင်း နှုတ်ထွက်ကြမယ်လို့ ဆိုပါတယ်။

နှုတ်ထွက်မယ့်သူ ရာဂဏန်းရှိနိုင်တယ်လို့ ဒေါက်တာ သန်းထိုက်က ပြောပေမယ့် ပုသိမ်မြို့နယ် ပါတီညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးသီဟကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိနိုင်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

ညီလာခံ ကျင်းပရေး ကော်မရှင်မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး နှစ်ဘက် အငြင်းပွားခဲ့ကြပြီးနောက် ပုသိမ်မြို့နယ်မှာ NLD ရုံး နှစ်ရုံးက အပြိုင် ဖြစ်နေခဲ့ကြပါတယ်။

ဥပဒေအရ မြို့နယ်ပါတီရုံး ၁ ရုံးသာ ထားရှိရမှာ ဖြစ်သလို ဒီမိုကရေစီနည်းနဲ့အညီ အများသဘောတူတဲ့နည်းကိုပဲ လိုက်ပါ လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ဦးသီဟက ပြောပါတယ်။

နှုတ်ထွက်မယ့်သူတွေဘက်ကတော့ မြို့နယ်ခေါင်းဆောင်တွေဟာ ကော်မရှင်အတွက် သူတို့နှစ်သက်သူကို မျက်နှာသာပေးပြီး ရွေးချယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

NLD ပါတီဟာ အောက်ခြေအဆင့် ဒေသဆိုင်ရာ ပါတီညီလာခံတွေကို ကျင်းပနေကြပြီး ဗဟိုညီလာခံကိုတော့ လာမယ့် လပိုင်းတွေမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။