BBC navigation

သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 16:13 GMT

သတင်းသမားတွေရဲ့ အမေးကို သမ္မတဦးသိန်းစိန် စိတ်ရှည်လက်ရှည် ပြန်ကြား

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့ နေ့လည်က နေပြည်တော်မှာ ရှိတဲ့ သမ္မတ အိမ်တော်မှာ သတင်းနဲ့ စာနယ်ဇင်းသမား တွေကို တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဦးသိန်းစိန်က မကြာသေးခင်က သွားရောက်ခဲ့တဲ့ ပြည်ပ ခရီးစဉ် အကြောင်းနဲ့အတူ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကိစ္စ၊ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးကိစ္စ၊ မြန်မာနိုင်ငံမှာ OIC ရုံး ဖွင့်ရေး ကိစ္စ၊ ကချင်ဒေသ ငြိမ်းချမ်းရေး ကိစ္စ စတဲ့ ကိစ္စတွေအပါအဝင် လက်ရှိ မြန်မာ့နိုင်ငံရေး ကိစ္စ ရပ်တွေနဲ့ ပတ်သက်လို့ သတင်းသမားတွေရဲ့ အမေးတွေကို ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က မီဒီယာဟာ အစိုးရအတွက် မျက်စိ၊ နားတွေ ဖြစ်တာကြောင့် ဝန်ကြီးဌာနတွေကိုလည်း မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို စိတ်ရှည်ရှည်ထားပြီး ဖြေကြားပေးဖို့ မှာကြားထားတယ်လို့ ပြောပါတယ်။

သူ့ရဲ့ အမေရိကန် ခရီးစဉ် အတွင်း လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတွေထဲမှာ BBC အင်္ဂလိပ်ပိုင်းရဲ့ Hard Talk တွေ့ဆုံ မေးမြန်းခန်းရဲ့ မေးခွန်းတွေက အခက်ခဲဆုံး ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ဒီလို ခက်ခဲတဲ့ တွေ့ဆုံမေးမြန်းခန်းမျိုးကို ရိုးသားစွာပဲ သူပြန်လည် ဖြေကြားခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်တွင်းက သတင်းသမားတွေကို ပြောပြခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲကို သတင်းသမား တရာကျော် တက်ရောက်ခဲ့ သလို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

သတင်းစာ ရှင်းလင်းပွဲ အပြီးမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ သတင်းထောက် တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။