BBC navigation

သမ္မတရဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အကြံပြု ချက်တွေကို လွှတ်တော် လက်ခံနိုင်

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 15:54 GMT
Upper Parliament

နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေ အကြံပြု ချက် တွေကို လွှတ်တော်မှာ တင်ပြ

မြန်မာ နိုင်ငံရဲ့ နိုင်ငံခြား ရင်နှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေကြမ်းကို အတည် မပြုခင် ပြန်လည် ပြင်ဆင်ဖို့ သမ္မတက မှတ်ချက် တွေနဲ့ လွှတ်တော်ဆီ ပေးပို့ ခဲ့ရာမှာ ဥပဒေကြမ်း ကော်မီတီက အများစု ကို သဘောတူ လက်ခံ သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်မှာ တနင်္လာနေ့က တင်ပြခဲ့ ပါတယ်။

သမ္မတက မှတ်ချက်ပေး ထားတဲ့ အထဲမှာ ပြင်ဆင် သင့်တဲ့ အချက် ၁၁ ချက်နဲ့ ဥပဒေ ရေးထုံး အရ ပြင်သင့်တဲ့ အချက် ၅ ချက် ဆိုပြီး စုစုပေါင်း ၁၆ ချက် ပါဝင်ပါတယ်။

အဲဒီ ၁၁ ချက် ထဲက ၁၀ ချက်နဲ့ ဥပဒေ ရေးထုံး အရ ပြင်ပေးဖို့ ပြောထားတဲ့ ၅ချက် ထဲက လေးချက်ကို သဘော တူတယ်လို့ လွှတ်တော် ဥပဒေကြမ်း ကော်မီတီက ပြောပါတယ်။

အခု ပြင်ဆင်မယ့် အထဲမှာ အဓိက ကျတာက ဖက်စပ် လုပ်ငန်း တွေမှာ နိုင်ငံခြား သားက ၃၅ ရာခိုင်နှုန်း၊ မြန်မာက ၆၅ ရာခိုင်နှုန်း ပါရမယ် စတဲ့ သတ်မှတ်ချက် တွေကို ပယ်ဖျက်ပြီး အရင်း အနှီး ရာခိုင်နှုန်းကို ညှိနှိုင်း နိုင်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ကျန်တာတွေက ဥပဒေ စကားရပ် တွေနဲ့သာ အဓိက ဆိုင်ပါတယ်။

နိုင်ငံခြားက ရင်းနှီး မြှုပ်နှံလို သူတွေ အတွက် ဒီပြင်ဆင်ချက်ဟာ သတင်းကောင်း ဖြစ်နိုင်ပြီး သမ္မတ ဦးသိန်းစိန် ကလည်း ဒီဥပဒေကို မြန်မြန် အတည် ဖြစ်လာဖို့ မျှော်လင့်နေ တဲ့ပုံ ရှိပါတယ်။

ဒါပေမဲ့ ဆက်လက် ဆွေးနွေး ကြရဖို့ ရှိနေ တာမို့ မျှော်လင့် သလို မြန်ချင်မှတော့ မြန်ပါလိမ့်မယ်။

ကော့မှူး မြို့နယ် အန်အယ်လ်ဒီ အမတ်ဒေါ်အောင်ဆန်း စုကြည် ကတော့ သူတို့ အနေနဲ့ သဘော တူတာ ရှိသလို မတူတာလည်း ရှိတယ်လို့ ပြောပါတယ်။

ဘာကို သဘောတူတယ် မတူဘူး ဆိုတာနဲ့ ပတ်သက်လို့ တိတိ ကျကျတော့ ထုတ်ဖော် မပြော ခဲ့ပါဘူး။

သင်္ဃန်းကျွန်း ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့် ကတော့ နိုင်ငံခြားသားကို ဆွဲဆောင် နိုင်ဖို့ အတွက် နိုင်ငံသား တွေကို ဥပဒေက အလွန် အကျွံ အကာ အကွယ် ပေးမထား သင့်ဘူးလို့ ပြောပါတယ်။

ဥပဒေ ပြုသူတွေ အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အရေးပါ လှတဲ့ ဒီဥပဒေကို အမှား အယွင်း မရှိအောင် ကြိုးပမ်း နေတာ ဖြစ်ပေမဲ့ ပြင်ဆင်မှုတွေ များတဲ့ အတွက် အချိန် ကြန့်ကြာ ခဲ့ရ ပါတယ်။ ရင်းနှီး မြှုပ်နှံ လိုသူတွေ ကတော့ ဒီတကြိမ်မှာ ဥပဒေ အတည် ပြုနိုင်ဖို့ မျှော်လင့် နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။