BBC navigation

သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်တဲ့ ဒေါ်စုရဲ့ အမြင်

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 17:03 GMT
DASSK

တရားမျှတမှု မရှိတဲ့ ဥပဒေ အရတော့ ခေါင်းဆောင် လုပ်ချင်တဲ့ စိတ် မရှိ သင့်ဘူးလို့ ဒေါ်စုက ပြောပါတယ်

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဆန္ဒ ရှိမယ် ဆိုရင် သမ္မတ အဖြစ် ထပ်မံ ဝင်ပြိုင် ကောင်း ပြိုင်မယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲက ပြောဆို ချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန် ပြောကြား လိုက်ပါတယ်။

အဓိက အတိုက်ခံ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က၊ လာမယ့် သက်တမ်းမှာ သမ္မတ အဖြစ် ရွေးချယ် ခံချင်တဲ့ ဘယ်သူ့ အတွက် မဆို အားလုံး ကနေ မျှမျှတတ အခြေခံ ပေါ်မှာ ရွေးချယ် ခံနိုင်အောင် ကြိုးစား ပေးသင့်တယ် လို့ ပြောကြား ပါတယ်။

နောက်ပြီး လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပြင်ဆင်ရမှာ ဖြစ်ကြောင်းနဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေ အရတော့ ခေါင်းဆောင် လုပ်ချင်တဲ့ စိတ် မရှိ သင့်ဘူးလို့ မြင်ကြောင်း သူက ဆက်ပြော ပါတယ်။

သမ္မတလောင်း တစ်ယောက် ဖြစ်ရမယ့် အရည်အချင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လိုအပ် သလို ပြင်ဆင် နိုင်အောင် ကြိုးစား သွားမယ့် အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ လူတိုင်းဟာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့ အတွက် ကိုယ့်ရဲ့ တာဝန်လို့ မှတ်ယူ ရမယ် လို့လည်း သူက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် အရင် အချိန်တုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ညီလာခံရဲ့ ဥက္ကဌ ဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူဟာ NLD ပါတီ ဥက္ကဌ တယောက် အနေနဲ့ ရော၊ သမ္မတ အနေနဲ့ပါ တာဝန် ယူရဲတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ တခုမှာ ပြောကြား ခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။