BBC navigation

ရခိုင်ပြည် မြို့နယ်ဘက် အဓိကရုဏ်းကူးစက်

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 01:35 GMT
_bbc_304_burnt

မီးလောင်ကျွမ်းခံရတဲ့ နေအိမ်

ရခိုင်ပြည်နယ် တွင်းရှိ မြောက်ဦး၊ မင်းပြား ဘက်မှာ တနင်္ဂနွေနေ့ ညဘက်က စဖြစ်တဲ့ အဓိကရုဏ်း ဟာ အင်္ဂါနေ့ညက ကျောက်ဖြူ မြို့ဘက် ကူးစက်ပြီး၊ အပြန်အလှန် တိုက်ခိုက်မှု တွေ နဲ့ မီးရှို့မှု တွေ ပေါက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ခင်းထိ တိုက်ခိုက် မီးရှို့မှုတွေ ရှိပေမယ့် နေ့လည်ပိုင်းမှာတော့ တည်ငြိမ်မှု အတန်အသင့် ပြန်ရှိလာတယ်လို့လည်း သိရပါတယ်။ နေ့လည်ခင်းမှာ မွတ်ဆလင်အများအပြား စက်လှေတွေနဲ့ ပင်လယ်ပြင်ဘက်ကို ထွက်ပြေးတယ်လို့လည်း သိရပါတယ်။

နှစ်ဘက် အသေအပျောက်လည်း ရှိပေမယ့် အရေအတွက်ကို အတည်ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေ ကို ဒေသခံ တွေ က ဆက်သွယ် အကူအညီ တောင်းရာမှာ အခြေအနေ ထိန်းသိမ်းလို့ ရအောင် ကူညီတဲ့ အပိုင်းရှိသလို၊ အကူအညီ ကင်းမဲ့ရာက ထွက်ပြေးတိမ်းရှောင်သူ တွေ ရှိကြောင်း ဒေသခံတွေ က ပြောပါတယ်

မင်းပြားမြို့မှာ စစ်တပ် က ဖိဖိစီးစီး ကာကွယ်ပေးတဲ့ အနေနဲ့ သေနတ် ကို မိုးပေါ်ထောင်ပစ်တာ၊ လူအုပ်စု ကို ခွဲတဲ့ အနေနဲ့ လူအုပ်ထဲ မျက်ရည်ယိုဗုံး ဖေါက်ခွဲတာ ရှိပေမယ့် မြောက်ဦး မှာ ကာကွယ်ပေးမှု မရှိတဲ့ အကြောင်း ရွာခံတွေ က ရန်ကုန်မြို့ရှိ အစ္စလာမ် သာသနာရေး ကောင်စီ ကို တဆင့် ပြောပါတယ်။

ကျောက်ဖြူမြို့မှာ အိမ်ခြေနှစ်ဆယ် ခန့် မီးလောင်ပြီး၊ ဒဏ်ရာရသူ နှစ်ဆယ် ကို ဆေးရုံတင်ထားရကြောင်း ကျောက်ဖြူမြို့ခံ က ဘီဘီစီ ကိုပြောပါတယ်။ နှစ်ဘက် တိုက်ခိုက်မှု အတွင်း လေးခွ၊ ဂျင်ဂလိ၊ ဓါးရှည် တွေ အသုံးပြုကြောင်း၊ နေအိမ်တွေ ကိုလည်း မီးရှို့ ကြကြောင်း နှစ်ဘက်စလုံးက ဘီဘီစီ ကိုပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကို လုံလုံလောက်လောက် ချပြီး ကြီးကြပ် စောင့်ရှောက်ပေး နေကြောင်း ပြည်နယ်အစိုးရရုံးက ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

အခုလို အစ္စလာမ်ဘာသာဝင်တွေ နဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေ အကြား ပဋိပက္ခ တွေ ပြန်လည်ဖြစ်ပွားတဲ့ အတွက် အခု ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် အစ်နေ့ အထိမ်းအမှတ် ကုရ်ဘာနီ ကို ဒီနှစ် မလုပ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့က အသိပေး ကြေညာ လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။