BBC navigation

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 09:34 GMT
General Aung Gyi

တပ်မတော်ကိုညွှန်းပြီး အငြင်းပွားဖွယ် စကားကို ပြောခဲ့သူလို့ နာမည်ကျော်တဲ့ ဦးအောင်ကြီး

၁၉၆၂ စစ်အာဏာသိမ်းမှုမှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ သခင်အောင်ကြီး (ပေါင်းတည်)ဟာ အောက်တိုဘာလ ၂၅ ရက် ကြာသပတေးနေ့ မနက် ၈ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန် သွားခဲ့ပါတယ်။

မကွယ်လွန်ခင် အချိန်အထိ ရောဂါ ကြီးကြီးမားမား ခံစားခဲ့ရတာ မရှိခဲ့ဘဲ ကြာသပတေးနေ့ မနက်ကမှ နှလုံး ရောဂါနဲ့ ကွယ်လွန် သွားခဲ့တာ ဖြစ်တယ်လို့ မိသားစုက ဘီဘီစီကို ပြောပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၄ နှစ်ရှိပါပြီ။

ဗိုလ်မှုးချုပ်အောင်ကြီးဟာ ၁၉၆၂ ခုနှစ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦကို အာဏာသိမ်း တော်လှန်ရေးကောင်စီက ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့မှုမှာလည်း ပတ်သက် တာဝန်ရှိခဲ့သူလို့ အများက ယူဆကြပါတယ်။

သူက မဆလ ပါတီ ဥက္ကကြီး ဦးနေဝင်းဆီ ရေးခဲ့တဲ့ အိတ်ဖွင့်ပေးစာ တွေကလည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေ ဖြစ်လာအောင် စေ့ဆော်ပေးခဲ့တယ်လို့ ယူဆကြပါတယ်။

စစ်တပ်က အာဏာသိမ်းအပြီးမှာပဲ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးတို့ ပူးပေါင်းပြီး အောင်၊စု၊တင် ဆိုတဲ့ ခေါင်းဆောင်မှုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့ပါတယ်။

ဦးအောင်ကြီးက ပထမဆုံး ပါတီဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပါတယ်၊ မကြာခင်ပဲ သူက ပါတီတွင်း ကွန်မြူနစ်တွေ ထိုးဖောက် ဝင်ရောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့ပြီး မဲခွဲကြတော့ ရှုံးလို့ပါတီက နှုတ်ထွက်သွားရတာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက နှုတ်ထွက်ပြီးတဲ့ နောက်မှာတော့ သူဟာ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ (UNDP) ကို ထူထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့ပေမယ့် အရွေးမခံခဲ့ရပါဘူး။

သူ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး ခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေအတွက် ဘယ်သူ့အပေါ်မှာမှ အာဃာတ အညှိုးအတေးမထားပါဘူး၊ လက်ရှိ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို စနစ်တကျ အချိန်ယူ လုပ်ဆောင်မှသာ အနာဂတ်အတွက် အကျိုးရှိပြီး ကောင်းမွန်လိမ့်မယ်လို့ မကွယ်လွန်မီလေးမှာ ပြောသွားကြောင်းလည်း မိသားစုက ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးရဲ့ စျာပနကို လာမယ့် စနေနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၁၁ နာရီမှာ ရေဝေး သုဿာန်မှာ မီးသင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။

ကွယ်လွန်ချိန်မှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ ဇနီး ဖြစ်သူ ဒေါ်မူမူသိန်းနဲ့ သားသမီး လေးယောက် ကျန်ရစ်ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။