BBC navigation

ရခိုင်အရေး စစ်တပ်က ပစ်ခတ် ထိန်းခဲ့ရ

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 15:13 GMT
People in Rakhine State

ရခိုင်ပြည်နယ် အတွင်း ရခိုင်နဲ့ မွတ်ဆလင် တွေကြား တိုက်ခိုက် မှုတွေ ဆက်ပြန့် နေ

ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့လေးမြို့မှာ ဖြစ်ခဲ့တဲ့ ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် တွေကြား အကြမ်းဖက် တိုက်ခိုက်မှု တွေက အခုတော့ ရသေ့တောင်နဲ့ ကျောက်တော် မြို့တို့ ကိုပါ ထပ်မံ ကူးစက် လာခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက် ကြာသပတေးနေ့က ကျောက်တော်က ပဋိပက္ခမှာ စစ်တပ်က အင်အားသုံး ဖြေရှင်းရတဲ့ အထိ ဖြစ်ခဲ့လို့ ရခိုင်တိုင်းရင်းသား သုံးယောက် သေဆုံး ခဲ့ရပါတယ်။

တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၅၆ ယောက် ရှိသွားပြီလို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

မြို့အတော် များများမှာ စစ်တပ်က ဝင်ရောက် အင်အားဖြည့် နေရာ ယူထားပြီး လုံခြုံရေး ထိန်းသိမ်း ပေးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူ မြို့မှာတော့ ကြာသပတေးနေ့ နေ့လယ်က စစ်တပ်၊ ရဲနဲ့ လုံခြုံရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေက လူမျိုးစု နှစ်စု ရောနှော နေထိုင်ရာ သန်ပန်ခေျာင်း ရပ်ကွက်နဲ့ အမာဘရာ ရပ်ကွက်က မွတ်ဆလင်တွေ ကို သူတို့ နေအိမ် တွေကနေ လုံခြုံ စိတ်ချ ရတဲ့ နေရာကို ပြောင်းရွှေ့ ပေးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမှာ နေထိုင်တဲ့ ချမ်းသာတဲ့ မွတ်ဆလင် နေအိမ်တွေကို လုံခြုံရေး တွေက ကာကွယ် ပေးထားပြီး တိုက်ခိုက်ဖို့ လာတဲ့ ရခိုင်တိုင်းရင်းသား တွေကိုလည်း တားဆီးခဲ့တယ်လို့ ဒေသခံ ရခိုင် တိုင်းရင်းသား တစ်ယောက်က ပြောပါတယ်။

မြေပုံမြို့ မှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့ အတွက် အခြေအနေ ပြန်လည် တည်ငြိမ် လာပြီလို့ မြို့ခံ တယောက်က ဘီဘီစီကို ပြောပါတယ်။ ကြာသပတေးည ၆ နာရီက စပြီး ည မထွက်ရ အမိန့် ထုတ်ပြန် လိုက်ပြီ လို့လည်း မြို့ခံ က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လပိုင်း အတွင်းက ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အကြောင်းရင်း ရှာဖွေဖို့ စုံစမ်း စစ်ဆေးရေး ကော်မီတီ ရဲ့ ဆောင်ရွက်မှုတွေ မပြီးဆုံး သေးခင် အခု တစ်ကြော့ပြန် ပြဿနာတွေ ဖြစ်လာခဲ့ပြီး စစ်တပ်က ပါဝင် ကိုင်တွယ်ရတဲ့ အဆင့် ရောက်လာ ခဲ့ရ တာပါ။

ဒီတော့ ရခိုင် တိုင်းရင်းသား တွေကို ကိုယ်စား ပြုတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ကတော့ တရားဥပဒေ စိုးမိုးရေး ကို ထိန်းသိမ်း ရာမှာ လုံခြုံရေး အဖွဲ့ အစည်းရဲ့ ပါဝင် ဆောင်ရွက်မှုကို လက်ခံဖို့ လိုတယ်လို့ ပြောပါတယ်။

ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေကို အာဏာစက်နဲ့ ထိန်းဖို့ လိုအပ်ပေမဲ့ လူစုလူဝေးကို ဖြိုခွင်းတဲ့ နေရာမှာ ခြောက်လှန့် ပစ်ခတ်တာကို အရင် မလုပ်ဘဲ လူတွေကို တိုက်ရိုက် ပစ်ခတ် ရင်တော့ ပြုလုပ်သူမှာ တာဝန်ရှိတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

တခြား ဒေသတွေက ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေလဲ စစ်တွေ မြို့ကို လှေတွေနဲ့ ရောက်လာ နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။