BBC navigation

ရခိုင် ပဋိပက္ခ ရပ်ဖို့ အမေရိကန်တောင်းဆို

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 22:54 GMT
ရခိုင်ဒေသမှာ ရဲပစ်ခတ်မှုကြောင့် သေဆုံးတယ်လို့ စွပ်စွဲနေကြပါတယ်

ရခိုင်ဒေသမှာ ရဲပစ်ခတ်မှုကြောင့် သေဆုံးတယ်လို့ စွပ်စွဲနေကြပါတယ်

ရခိုင်ပြည်နယ် အတွင်း ဒေသခံ ရခိုင်တွေနဲ့ မွတ်ဆလင် တွေကြား တိုက်ခိုက်မှုတွေ အမြန် ရပ်ဆိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို လိုက်ပါတယ်။ တဖက်နဲ့တဖက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန်က ပြောလိုက်တာ ဖြစ်ပါတယ်။

တချိန်ထဲ မှာဘဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း အစီရင်ခံစာ တင်သွင်းရာမှာ အပြောင်းအလဲ တွေကို အားရပေမယ့် ရခိုင်ပြဿနာနဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေ ကတော့ စိန်ခေါ်မှုကြီး ဆက်ဖြစ်နေတယ်လို့ ပြောသွားပါတယ်။

ကြာသပတေးနေ့က ပေါက်တောမြို့မှာ မီးရှို့မှုတွေ အတွင်း မွတ်ဆလင်အိမ် တော်တော်ပါသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့မှုကြောင့် မွတ်ဆလင် မိသားစုတွေ စက်လှေတွေနဲ့ မြို့ကို စွန့်ခွာ ထွက်ပြေး ကြပါတယ်။

ကျောက်တော်မြို့ တိုက်ခိုက်မှုတွေ အတွင်း မွတ်ဆလင်ရွာ တွေကို လုံခြုံရေး ယူထားတဲ့ ရဲက ပစ်ခတ်လို့ ရခိုင်လူမျိုး သေဆုံးမှုတွေ ရှိတယ်လို့ ကျောက်တော် ဒေသခံက ဘီဘီစီကို ပြောပါတယ်။

မြေပုံမှာ ညမထွက်ရ အမိန့်ထုတ်လို့ တိုက်ခိုက်မှုတွေ မရှိတော့ ပေမယ့် လုံခြုံရေး အရ စိုးရိမ်နေရဆဲပဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပြန်ဖြစ်တဲ့ ပဋိပက္ခတွေ အတွင်း နှစ်ဖက်စလုံး လူ၅၆ယောက် သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။ မီးလောင်ပျက်စီးမှု အိမ်ခြေ ၂ဝဝဝ ရှိတယ် ဆိုပေမယ့် ဒီထက် ပိုများမယ်လို့ ခန့်မှန်းမှု တွေလည်း ထွက်ပေါ်နေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။