BBC navigation

ပိုဆိုးလာတဲ့ ရခိုင်အခြေအနေ ကုလ စိုးရိမ်

နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2012 - 16:17 GMT
Rakhine conflict

လှေစောင့်မျှော် နေကြတဲ့ ရခိုင်ပြည်မှ မွတ်ဆလင်များ

ရခိုင် ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ ပြောကြား ချက် အရ အသစ် ဖြစ်ပေါ် လာတဲ့ ရခိုင် ပြည်နယ်က ပဋိပက္ခတွေ အတွင်းမှာ နှစ်ဘက်ပေါင်း သေဆုံးသူ အရေ အတွက် ၆၄ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

မူလက ၁၁၂ ယောက်ရှိပြီလို့ ပြောဆိုခဲ့ပေမဲ့ အဲဒီ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ကပဲ အမှား ပြင်ဆင် ချက် ပြန်လည် ထုတ်ပြန် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ သတ်ဖြတ်မှုတွေ တိုးပွား နေတာဟာ မြန်မာပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ဥပဒေမဲ့ လက်စားချေသတ်ဖြတ်မှု ပစ်မှတ်ထားခြိမ်းခြောက်တိုက်ခိုက်မှု အစွန်းရောက် ပြောဆိုရေးသားမှုတွေကို ချက်ချင်း ရပ်ဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

တကယ်လို့ အဲသလို ချက်ချင်း မဆောင်ရွက်နိုင်ရင် မြန်မာနိုင်ငံ တံခါးဖွင့်ရေး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထိခိုက်နစ်နာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းပတ်အတွင်းမှာ ထောင်ဂဏန်းများစွာသော အိုးအိမ်တွေ မီးလောင်ပျက်စီးခဲ့ရသလို ရိုဟင်ဂျာလို့ မိမိတို့ကိုယ်ကိုယ် ခေါ်ဝေါ် ကြတဲ့ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်တချို့ လှေတွေနဲ့ ထွက်ပြေးတဲ့ ဖြစ်စဉ်တွေ ဒီသတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့တော့ နေရာတော်တော်များများမှာ တိုက်ခိုက်မှုတွေငြိမ်သက်နေပေမဲ့ ရမ်းဗြဲနဲ့ ကျောက်ဖြူတို့မှာ မီးရှို့တိုက်ခိုက်မှု တချို့ရှိတယ်လို့ သိရပါတယ်။

ရခိုင်လူမျိုး တယောက် ကတော့ မွတ်ဆလင်တွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေး ကြတာလို့ စွပ်စွဲပြောဆိုပါတယ်။

မွတ်ဆလင် အမျိုးသားတွေ ကတော့ တောင်ပေါ်တက်ပြေး ကြပြီး၊ အမျိုးသမီးတွေ ကတော့ မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးမှာ ခိုလှုံ ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ပဋိပက္ခ ပြင်းထန်ခဲ့တဲ့ ကျောက်ဖြူ မြို့မှာတော့ မွတ်ဆလင် ၈၀၀ ကျော်ကို မြို့ပြင် ထုတ်ထားပါတယ်။ မြို့အပြင်ဘက် စစ်တပ် တပ်ရင်း နှစ်ရင်း အကြားမှာ ထားတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူကနေ စက်လှေ အစီး ၄၀ နဲ့ ထွက်ပြေးသွားကြ သူတွေကိုတော့ ပင်လယ်ပြင်မှာ မြန်မာ့ ရေတပ်က စောင့်ရှောက်ထား တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။