BBC navigation

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူသောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2012 - 12:31 GMT

ကုလသမဂ္ဂ ရဲ့ ကိန်းဂဏန်းတွေ အရ ကတော့ မြန်မာအစိုးရ ဖေါ်ပြချက်ထက် ပိုများနေ

ရခိုင်ပြည်နယ်မှာ တကျော့ပြန် ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေ အတွင်း လူပေါင်း သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီလူတွေဟာ လူသားချင်း စာနာမှု ဆိုင်ရာ အရေးပေါ် အကူ အညီတွေ လိုအပ်နေ တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

မြန်မာ အစိုးရ ကတော့ အနည်းဆုံး လူ ပေါင်း ၂ သောင်းလောက်ဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကြေညာ ထားပြီး၊ အဲဒီထဲက အများစုဟာ မွတ်စလင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Hans ten Feld ကတော့ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်း ထက်ကို ဒုက္ခသည် အရေအတွက် ပိုများဖို့ ရှိတယ်လို့ ပြောပါတယ်။ အကြောင်းကတော့ အရင် ရက်ပိုင်းတွေက စစ်တွေကို ထွက်ပြေး သွားကြတဲ့ လူ အရေအတွက်ကို အစိုးရက ထည့်မတွက်ထားသေးဘူး လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အရေ အတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လက စလို့ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း အရေ အတွက် အားလုံးကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ တချို့ သတင်းတွေ အရ လှေတွေနဲ့ ထွက်ပြေးကြသူ အများအပြားဟာ ပင်လယ် ထဲမှာ သေဆုံး ကုန်ပြီး တချို့လည်း ပျောက်ဆုံး နေကြ တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ အနီးမှာ ရှိတဲ့ သဲချောင်း ဒုက္ခသည် စခန်းဖက် ကို တရက်ထဲမှာတင် နှစ်ကြိမ် ရောက်ခဲ့တဲ့ သတင်းထောက် ကိုခင်မောင်ဝင်း က ဒုက္ခသည်တွေ ရဲ့ အဓိက အခက်အခဲ ကတော့ စားဝတ်နေရေး ပဲ ဖြစ်တဲ့ အကြောင်း၊ စားနပ်ရိက္ခာ တွေ ကို ကုလသမဂ္ဂ၊ တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစတဲ့ နိုင်ငံတွေ က ထောက်ပံ့ကြပေမယ့် ဒုက္ခသည် အရေအတွက် က များနေလို့ အခက်အခဲ ရှိပုံကို ဘီဘီစီ ကို ပြောပြပါတယ်။

ပြည်ပသတင်းထောက်တွေရော၊ ပြည်တွင်း သတင်းထောက် တွေ ကို လွတ်လပ်စွာ ဒုက္ခသည် စခန်းမှာ သတင်းယူခွင့် ပြုသလို၊ ဒုက္ခသည်တွေ အနေနဲ့လည်း စခန်းထဲမှာ လုံခြံမှု ရှိတဲ့ အကြောင်းလည်း သတင်းထောက် ကိုခင်မောင်ဝင်း က ဘီဘီစီ ကို ရှင်းပြပါတယ်။ ဒုက္ခသည် တွေဟာလည်း မွတ်စလင်တွေ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။