BBC navigation

ရခိုင်အရေးမှာ ကြိုးကိုင်သူတွေ အရေးယူခံရမယ်

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 15:33 GMT
A man is treated in Sittwe hospital

တကြော့ပြန် ဖြစ်လာတဲ့ ရခိုင် ပဋိပက္ခမှာ ဒဏ်ရာ ရသူ တစ်ရာကျော် ရှိနေ

ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းနှစ်ခုကြား ဖြစ်နေတဲ့ ပဋိပက္ခ တွေဟာ သာမန် ဆူပူလှုပ်ရှားမှု ဖြစ်စဉ် ကနေ လက်နက်ကိုင် အကြမ်းဖက်မှု အခြေ အနေကို ကူးပြောင်း တော့မယ့် အသွင် ဆောင် နေတယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ဖော် ပြောလိုက် ပါတယ်။

အောက်တိုဘာလ ၃၁ ရက် နေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ပဋိ ပက္ခ တွေဟာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း လက်နက်တွေနဲ့ ခြိမ်းခြောက် ရန်ပြုတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင် ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရခိုင် တိုင်းရင်းသားတွေ ဘက်ကိုရော မွတ်ဆလင်တွေ ဘက်ကိုပါ ရည်ညွှန်း ပြောဆိုထားတာ တွေ့ရပါတယ်။

လူအုပ်စုနဲ့ ခြိမ်းခြောက် အကြမ်းဖက်မှု၊ မီးရှို့ ဖျက်ဆီးမှုတွေကို တဘက် အဖွဲ့က အသေးစိတ် ကြိုတင် ပြင်ဆင်ပြီး အချိန်ကိုက် ပူးပေါင်း လှုပ်ရှားကြရာမှာ နိုင်ငံရေး အဖွဲ့ အစည်းနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့ တွေပါ ပတ်သက် နေတာ တွေ့ ရတယ်လို့ ဆိုထား သလို အခြား အဖွဲ့အစည်း ရဲ့ လုပ်ဆောင်မှုတွေ မှာလည်း ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်နေတဲ့ အထောက်အထား တွေ တွေ့ရှိ ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘယ်ဘက်က ဘယ်သူတွေ လှုံဆော် ဆောင်ရွက်တယ် ဆိုတာ ကိုတော့ ခွဲခြား ပြောမထား ပါဘူး။

အကြမ်းဖက်မှု ပဋိပက္ခ တွေ အတွင်း အိမ်လုပ် လက်နက် ၁၈၀ အပြင် လက်နက် ပြုလုပ်သူ တချို့ကို သက်သေခံ ပစ္စည်း တွေနဲ့ အတူ ဖမ်းဆီး ထားပြီး အရေးယူ ဆောင်ရွက် နေတယ်လို့ ပြောပေ မဲ့လည်း ဖမ်းဆီး မိသူတွေဟာ ဘယ်သူ တွေ ဖြစ်တယ်၊ ဘယ်လို အရေးယူ ဆောင်ရွက် နေတယ် ဆိုတဲ့ အသေးစိတ် ကိုလည်း သမ္မတရုံးက ထုတ်ဖော် ပြောခြင်း မရှိသေးပါဘူး။

အောက်တိုဘာလ ၂၁ ရက်က တကျော့ပြန် ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း အောက်တိုဘာလ ၃၀ ရက် နေ့ အထိ သေဆုံးသူ ၈၉ ယောက်၊ ဒဏ်ရာရသူ ၁၃၆ ယောက် ရှိခဲ့ပြီး လူနေအိမ် ၅၃၅၁ လုံး မီးလောင် ပျက်စီးခဲ့တဲ့ အပြင် လူဦးရေ ၃၂၂၃၁ ယောက် အိုးမဲ့ အိမ်မဲ့ ထပ်မံ ဖြစ်ခဲ့တယ်လို့ လည်း သမ္မတရုံးက ထုတ်ပြန် ကြေညာ ပါတယ်။

လက်ရှိ ပဋိပက္ခတွေ ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းရာမှာ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းထားပြီး ပဋိပက္ခ ဖြစ်စဉ် တွေမှာ ပါဝင် ပတ်သက်သူ တွေကို နောက်ကွယ် ကနေ ကြိုးကိုင်နေသူတွေ၊ အဖွဲ့ အစည်း တွေကို ထိထိ ရောက်ရောက် အရေးယူ သွားမယ် လို့လည်း သတိပေးထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။