BBC navigation

မလေးရှားသွား စက်လှေတစီး အုန်းကျွန်းအနီး နစ်မြုပ်

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 01:10 GMT

ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက အင်ဒိုနီးရှား အရာရှိက ပေးတဲ့ အကူအညီ ရိုဟင်ဂျာ လက်ခံယူ

မူဆလင် အစ်ပွဲတော် အပြီး မလေးရှား နိုင်ငံကို တရားမ၀င်သွားတဲ့ စက်လှေ တစီး နတ်မြစ်၀မှာ တည်ရှိတဲ့ အုန်းကျွန်း အနီး ပင်လယ်ပြင်မှာ နစ်မြုပ် သွားခဲ့ပါတယ်။

လှေပေါ်ပါ လူရာကျော် ပျောက်ဆုံးနေပြီး အခု အချိန်ထိ ၆ ဦးဘဲ အသက်ရှင် လွတ်မြောက် လာသေးတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေ အများစုကတော့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ မွတ်ဆလင်တွေလို့ သိရပါတယ်။

အဲဒီ စက်လှေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း တက်ကနက် မြို့နယ် ဆားပြင်ရွာကနေ မလေးရှား နိုင်ငံမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ထွက်ခွာလာစဉ်မှာ နတ်မြစ်က အထွက် ဘင်္ဂလား ပင်လယ်အော် အရောက်မှာ နစ်သွားခဲ့တာလို့ သိရပါတယ်။

စက်လှေ နစ်မြုပ်သွားတဲ့ အတွက် လူတွေ ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အပိုင် အုန်းကျွန်းမှာရှိနေတဲ့ မြန်မာနိုင်ငံသား ကိုအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

အုန်းကျွန်းရဲ့ တောင်ဘက် (၅) မိုင်အကွာမှာ စက်လှေဟာ အဟောင်းကြီးဖြစ်တဲ့ အတွက် အလိုလို နစ်မြုပ်သွားခဲ့တာလို့ သူက ဆိုပါတယ်။

လူပေါင်း ၁၃၀ မှာ ၁၂၄ ဦး ပျောက်ဆုံးပြီး ၆ ဦးကိုသာ ရှာဖွေ တွေ့ရ သေးတယ်လို့ ပြောပါတယ်။

လူတွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် တာ၀န်ရှိသူတွေက ရှာဖွေရေး ဆောင်ရွက်နေ သလို မြန်မာဘက်က လူတွေလည်း လိုက်ပါ ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေတပ်ကတော့ ပျောက်ဆုံးနေတဲ့သူတွေကို ပင်လယ်ပြင်မှာ လိုက်ရှာနေတယ်လို့ ပြောပါတယ်။

အခုလို မိုးရာသီ အကုန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မလေးရှားကို စက်လှေတွေနဲ့ အလုပ်လုပ်ဖို့ ခိုးထွက်ကြရမှာ ခုလို လှေနစ်တဲ့ အဖြစ်ဆိုးနဲ့ မကြာခဏ ကြုံတွေ့ နေကြရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။