BBC navigation

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို လွှတ်တော် အတည်ပြု

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 16:15 GMT
Burma Parliament, speaker of upper House

ပြည်ထောင်စု လွှတ်တော်က သမ္မတရဲ့ သဘောထား မှတ်ချက် အများစုကို လက်ခံ

နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို နိုဝင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော်ကို ပေးပို့ လာတဲ့ သမ္မတရဲ့ သဘောထား မှတ်ချက်တွေ အတိုင်း အတည်ပြု မလား သို့မဟုတ် လွှတ်တော်က မူလ အတည်ပြု ခဲ့တဲ့ အတိုင်းပဲ ထားမလား ဆိုတဲ့ အပေါ်မှာပဲ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

သမ္မတ ဦးသိန်းစိန်က သဘောထား မှတ်ချက် ပေးထားတဲ့ အချက် ၁၁ ချက် ရှိပြီး အဲဒီထဲက ၁၀ ချက်ကို လွှတ်တော် ဘက်က လက်ခံပြီး ၁ ချက် ကိုတော့ လွှတ်တော်ရဲ့ မူလ သဘောထား အတိုင်းပဲ ဆက်ထားဖို့ မဲခွဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။

အဲဒါ ကတော့ ဝန်ထမ်း အလုပ် ခန့်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပါတယ်။ နိုင်ငံခြားသား ဝန်ထမ်းနဲ့ မြန်မာ ဝန်ထမ်းတွေကို ခန့်ထား ရာမှာ ရာထူး တူညီရင် လစာနဲ့ အခွင့် အရေး တန်းတူ ရအောင် စီမံ ဆောင်ရွက် ပေးရ မယ် ဆိုတဲ့ လွှတ်တော် ရဲ့ မူလ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ထားရှိတာ ဖြစ်ပါတယ်။

ပြင်ဆင် ခဲ့တဲ့ အထဲမှာ အဓိက ကျတာက ဖက်စပ် လုပ်ငန်း တွေမှာ နိုင်ငံခြား သားက ၃၅ ရာခိုင်နှုန်း၊ မြန်မာက ၆၅ ရာခိုင်နှုန်း ပါရမယ် ဆိုတဲ့ လွှတ်တော် ဘက်က အတည်ပြု ထားချက်ကို ပယ်ဖျက် ပြီး သမ္မတ သဘောထား အတိုင်း မ တည်ငွေ အချိုး အစားကို နှစ်ဘက် သဘော တူညီမှု အတိုင်း သတ်မှတ် နိုင်တယ် လို့ အတည်ပြု ပေးလိုက်တဲ့ အချက်ပါ။

တခြား အချက်တွေ ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စတဲ့ ကဏ္ဍများ၊ နိုင်ငံသားတွေ လုပ်ကိုင် နိုင်တဲ့ ကုန်ထုတ် လုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အပြင် ရင်းနှီး မြှုပ်နှံမှု အချိုးကို မြန်မာ နိုင်ငံသား တွေထံ ပြန်လည် ရောင်း ချရေး နဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ် ပါတယ်။

ဒါတွေ ဟာလည်း သမ္မတနဲ့ လွှတ်တော် ကြားမှာ အကြီးအကျယ် ကွဲလွဲမှု ရှိနေလို့ မဟုတ်ဘဲ လွှတ်တော် ဘက်က ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှု အားနည်းတဲ့ အပေါ်မှာ စကားလုံး အသုံး အနှုန်းကို ပြန်ပြင် ချင်တာမျိုး လောက်သာ ဖြစ်ပြီး အကန့် အသတ်တွေ ကြောင့် ပြင်ဆင် နိုင်ဖို့လည်း အခက်အခဲ ရှိနေတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မြန်မြန် ဆန်ဆန် အတည်ပြု နိုင်ဖို့ မျှော်လင့် ထားခဲ့ ပေမဲ့ အခုမှ ပြည်ထောင်စု လွှတ်တော်က အပြီးသတ် အတည် ပြုနိုင် ခဲ့တဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေဟာ ပျော့ပြောင်း ညင်သာမှု ပိုရှိတဲ့ အတွက် ပြည်ပ ရင်းနှီး မြှုပ်နှံသူတွေ လာရောက် ရင်းနှီး ကြဖို့ ပိုမို လွယ်ကူလိမ့်မယ်လို့ လည်း ဦးဖြိုးမင်းသိန်းက ယူဆ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။