BBC navigation

ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ အထူးစိုးရိမ်

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 16:06 GMT
Tomas Ojea Quintana

ဇွန်လ ပဋိပက္ခတွေ ဖြစ်ပြီးနောက်၊ မစ္စတာ ကင်တားနားဟာ ရခိုင်ဒေသကို ဇူလိုင်လ ၃၁ ရက်နေ့မှာ သွားရောက်ခဲ့

ကုလသမဂ္ဂက မြန်မာ့အရေး ကျွမ်းကျင်သူ သုံးဦးက မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ လူမှု အဖွဲ့ အတွင်း တဘက်နဲ့ တဘက် အကြမ်းဖက် တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်ကြောင်း ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

အကြမ်းဖက် မှုတွေ အဆုံးသတ်ပြီး အကာ အကွယ်မဲ့ နေသူတွေကို အကာ အကွယ် ပေးကြဖို့ ကိုလည်း အဲဒီ သုံးဦးက တိုက်တွန်း လိုက်ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ နဲ့ မွတ်စလင်တွေ ကြားက ပဋိပက္ခ တွေနဲ့ တင်းမာ မှုတွေ ဖြစ်စေတဲ့ အရင်းခံ အကြောင်းကို အဆော တလျင် ရှာဖွေ ဖြေရှင်းဖို့ မြန်မာ အစိုးရကို အဲဒီ ကြေညာချက် ထဲမှာ တောင်းဆို ထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် တော်မတ်စ် အိုဟေး ကင်တားနား၊ လူနည်းစု ရေးရာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ ရီတာ အီဇတ်နဲ့ နိုင်ငံတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးရ သူများရဲ့ အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် ချာလိုကာ ဘီယန်နီတို့ သုံးဦးကနေ အခုလို ကြေညာချက် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ရခိုင်မှာ လက်နက်တွေ လိုက်လံ သိမ်းဆည်းနေ

Rakhine unrest

တကျော့ပြန် ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အတွင်း လူပေါင်း ၈၉ ဦးသေဆုံးခဲ့ပြီး၊ ၁၃၆ ဦး ဒဏ်ရာရ

ကြာသပတေးနေ့ ထုတ်ပြန်တဲ့ မြန်မာ အစိုးရ သတင်းစာတွေ မှာတော့ ရခိုင်ပြည်နယ် တဝန်းမှာ သုံးရက် အတွင်း ဓား လှံ လက်နက် တွေကို နီးစပ်ရာ လုံခြုံရေး အဖွဲ့တွေ ထံ အပ်နှံဖို့ သတင်း ထုတ်ပြန်ထား ပါတယ်။

တချို့ မြို့နယ်တွေမှာ လူအုပ်စု ဖွဲ့ပြီး လုယက် ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့ အတွက် အေးချမ်း တည်ငြိမ်မှု ပျက်ပြားခဲ့ရတယ် လို့လည်း သတင်းစာက ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရဟာ လက်နက် ပုဒ်မ ၄ (ဃ) အရ စစ်တွေမြို့မှာ လက်နက်ရှာဖွေ မှုတွေ ကို စတင် လုပ်ဆောင် နေပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။

ကျောက်တော်မြို့က ရခိုင် တိုင်းရင်းသား တဦး ကတော့ အခုလို တုတ် ဓား တွေကို လိုက်လံ သိမ်းဆည်းတယ် ဆိုတာ မဖြစ်နိုင် ဘူးလို့ ပြောပါတယ်။ အကြောင်း ကတော့ မိမိ ကိုယ်ကို ခုခံ ကာကွယ်ဖို့ အတွက် ဒီလက်နက်တွေ ရှိမှ ဖြစ်မယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း တူမီး လို သေနတ်မျိုးတွေ ကိုင်ဆောင်တာ ကတော့ ဥပေဒ နဲ့ ငြိစွန်း နေတာကြောင့် သိမ်းဆည်း သင့်တယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။