BBC navigation

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင်

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 15:57 GMT
Daw Aung San Suu Kyi

ရခိုင်အရေးမှာ ကြားချပြောဆိုခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခမှာ နှစ်ဘက်စလုံးက သည်းခံပြီး ပြဿနာ ပြေလည်ရေးကို ရှေးရှုကြဖို့နဲ့ သူ့အနေနဲ့ ပြဿနာ အကြောင်းရင်းကို မကြည့်ဘဲ ရိုဟင်ဂျာဘက်က တဘက်သတ် ထုတ်ဖော် ပြောဆိုမှာ မဟုတ်ဘူးလို့ နေပြည်တော်ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟတ် နဲ့ တွေ့ဆုံ မေးမြန်းမှုမှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး လူတစ်ယောက်ရဲ့ အကျင့်ဂုဏ်သိက္ခာကို တလွဲအသုံးချသလိုမျိုး မဖြစ်သင့်ဘူး၊ တဘက်ဘက် ရပ်စေချင်တယ်ဆိုတာ သူသိတယ်၊ ဘယ်ဘက်မှ မရပ်လို့ နှစ်ဘက်စလုံးက မကျေနပ်ကြဘူး၊ တကယ်တော့ တရားဥပဒေ စိုးမိုးရေး ရှိအောင် အရင် လုပ်ရမယ်၊ လူတွေ လုံခြုံမှု ရှိအောင် အရင်လုပ်ပြီးမှ တခြား ပြဿနာတွေကို ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တယောက်နဲ့တယောက် သတ်ဖြတ်နေကြမယ်၊ တယောက်အိမ်တယောက် မီးရှို့နေကြမယ်ဆိုရင် ဘယ်လိုလုပ် သင့်တင့်မှန်ကန်တဲ့ ဖြေရှင်းမှုဆီ ရောက်နိုင်ပါ့မလဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုပါတယ်။

Rakhine Violence

ရခိုင်တွေလည်း အရင်အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ရိုဟင်ဂျာရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဖိနှိပ်ခံရမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ထုတ်ဖော် ပြောဆိုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလိုတွေ မပြောလို့ သူ့ဘက်က ပျက်ကွက်တယ်လို့ မြင်ကြရင်လည်း ဒါကို လက်ခံဖို့ အသင့်ရှိတယ်၊ ပြောလည်း အခြေအနေကောင်းသွားပြီး အထောက်အပံ့ ဖြစ်မယ်လို့ မထင်ဘူး၊ အနှစ် ၂၀ ကျော် ကာလမှာတော့ ဝေဖန်မှုတွေနဲ့ ယဉ်ပါးနေပါပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ရခိုင်တွေဘက်ကိုလည်း အရင်အစိုးရတွေက ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်၊ အုပ်စုနှစ်ခုကြားမှာလည်း တဘက်နဲ့တဘက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အခုလို ရခိုင်အရေးနဲ့ပတ်သက်ပြီး ကြားကျကျ ပြောဆိုခဲ့ပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးမှုဌာနက ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ကြားအမြင်ဟာ မမှားနိုင်ပေမယ့်လို့ ပြည်တွင်းအတွက်ရော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ ရေရှည်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် တခုခု ပြောရလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က တခုခုကို ပြတ်ပြတ်သားသား ပြောခဲ့မယ် ဆိုရင်တော့ မထောက်ခံမှုတွေ၊ ဆန့်ကျင်မှုတွေတော့ ကြုံရနိုင်ကောင်းတယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။