BBC navigation

ဗီဇာအကြွေးကတ် မကြာခင် သုံးနိုင်မယ်

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 01:26 GMT
Visa

ဗီဇာအကြွေးကတ် မကြာမီ မြန်မာပြည် သုံးမယ်။

အမေရိက အခြေစိုက်တဲ့ ဗီဇာ အကြွေးကတ် ဝန်ဆောင်မှု ကုမ္ပဏီရဲ့ အရှေ့တောင်အာရှ ရုံးခွဲနဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ် သုံးဘဏ်တို့ နိုဝင်ဘာ ၃ က နှစ်ဘက် သဘောတူညီချက် လက်မှတ်ထိုးလိုက်တဲ့အတွက် နိုင်ငံတကာ ဘဏ်ဝန်ဆောင်မှုတခု ဖြစ်တဲ့ ဗီဇာကတ်ကို မြန်မာနိုင်ငံမှာ မကြာခင် သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။

ဘဏ်သုံးခုကတော့ မြန်မာအရှေ့တိုင်းဘဏ်၊ သမဝါယမဘဏ်နဲ့ ကမ္ဘောဇဘဏ်တို့ ဖြစ်ပြီး၊ သုံးလလောက် အတွင်းမှာ စသုံးနိုင်လိမ့်မယ်လို့ ခန့်မှန်းတဲ့ အကြောင်း ကမ္ဘောဇဘဏ်ရဲ့ ဒုတိယ ဥက္ကဌ ဦးသန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဦးသန်းလွင်အဆိုအရ ဗီဇာကတ်သုံးစွဲမှုကို အဆင့်နှစ်ဆင့်နဲ့ သွားမှာဖြစ်ပြီး၊ ပထမအဆင့်မှာ ပြည်ပကနေ မြန်မာပြည်တွင်းကို ဝင်ရောက်လာမယ့် ကမ္ဘာလှည့် ဧည့်သည်တွေ သူတို့ဘဏ်တွေက ချထားပေမယ့် အလိုအလျောက် ငွေထုတ်စက်တွေမှာ ငွေထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်မှာတော့ ပြည်တွင်းက နိုင်ငံသားတွေ အနေနဲ့ မြန်မာငွေနဲ့ပဲ ဘဏ်စာရင်း ဖွင့်ထားရင် နိုင်ငံရပ်ခြား သွားတဲ့အခါ ဆိုင်ရာနိုင်ငံတွေရဲ့ ငွေကြေးတွေကို ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ တခါ ပြည်တွင်းမှာပဲ စားသောက်ဆိုင်တို့၊ ရုပ်ရှင်ရုံတို့၊ လေကြောင်းလိုင်းတို့မှာ သုံးနိုင်ဖို့အတွက်ကတော့ ဘဏ်နဲ့ အဲဒီ လုပ်ငန်းတွေ အရင် ချိတ်ဆက် သဘောတူညီမှုတွေ ရယူရလိမ့်ဦးမယ်လို့ ဦးသန်းလွင်က ဆိုပါတယ်။

အွန်လိုင်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ တည်ဆောက် လုပ်ကိုင်ရမှာတွေ ရှိတဲ့အတွက် အချိန် အနည်းငယ် ယူရဦးမှာ ဖြစ်ပြီး၊ ဗီဇာ အကြွေးကတ် ဝန်ဆောင်မှုကိုတော့ မကြာခင်မှာ သုံးစွဲကြရဖို့ ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။