BBC navigation

ရခိုင်အရေး နှစ်နိုင်ငံ နယ်စပ် ပြဿနာလို့ ဒေါ်စုပြော

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 16:59 GMT
Rakhine Conflict

ဇွန်လက စတင်ခဲ့တဲ့ ရခိုင် ပဋိ ပက္ခကြောင့် ပျက်စီးမှုနဲ့ လူတွေ အိုးအိမ် စွန့်ခွာရမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေထဲမှာ နှစ်နိုင်ငံ နယ်စပ် ပြဿနာလည်း ပါဝင် တယ်လို့ဒေါ်အောင်ဆန်း စုကြည်က ပြောကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီက အမတ်တွေ နဲ့ ရှမ်း၊ ရခိုင် တိုင်းရင်းသားတွေ အပြင် တခြား တိုင်းရင်းသား အမတ်တွေ ပါဝင်တဲ့ ရခိုင်အရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ နိုဝင်ဘာလ ၅ ရက်နေ့က ပြုလုပ် ခဲ့ကြတာပါ။

အဲဒီ ဆွေးနွေးပွဲမှာ ရခိုင် အမတ်တွေ ဘက်ကသာ အဓိက ဆွေးနွေး တင်ပြ ခဲ့ကြတယ်လို့ ကိုယ်တိုင် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ သီပေါမြို့နယ် အမတ် ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသား ပါတီ ဘက်က ဆွေးနွေး တင်ပြမှုမှာ မွတ်ဆလင် တွေနဲ့ ရခိုင် တိုင်းရင်းသားတွေ အတူ ယှဉ်တွဲ နေထိုင်လို့ မရဘူး ဆိုတဲ့ သဘော ဆောင်တယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ ကတော့ ရခိုင်ပြည်နယ် အတွင်း နေထိုင် ကြသူတိုင်းကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးပြီး ဥပဒေနဲ့ အညီ တိတိ ကျကျ ဆောင်ရွက်ဖို့ အကြံ ပြုခဲ့တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

ပြဿနာ ဖြေရှင်း နိုင်ရေး အကြံ ပြုချက်တွေ ထဲမှာ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ တွေကို ရခိုင် ပြည်နယ် အတွင်း ရှိနေတဲ့ ကျွန်းတွေဆီ ရွှေ့ပြောင်း ဖို့ ပြောသူ ရှိသလို နိုင်ငံသား အဖြစ် သတ်မှတ်ခံရပြီးသား မွတ်ဆလင် တွေကို နိုင်ငံတွင်းမှာ ရွှေ့ချင်တဲ့ နေရာ ရွှေ့ခွင့် ပြုဖို့ အကြံ ပေးသူလည်း ရှိတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

နောက်တစ်ယောက် ကတော့ ၁၉၈၂ ခုနှစ် က ထုတ်ပြန် ခဲ့တဲ့ နိုင်ငံသား ဥပဒေ အရ ရိုဟင်ဂျာ တစ်ယောက်ဟာ နိုင်ငံသား ဖြစ်ခွင့် ရှိရင် ရှိနိုင်ပြီး သူ့ကို ရိုဟင်ဂျာ လို့ အခေါ် အဝေါ် အရ ခေါ်နိုင်တယ်၊ ဒါပေမဲ့ သူ့ကို မြန်မာ တိုင်းရင်းသား အဖြစ်တော့ လက်မခံနိုင်ဘူးလို့ လည်းဆွေးနွေး ခဲ့ကြတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။