BBC navigation

ရခိုင်စုံစမ်းရေး ကော်မရှင်က ကြားဖြတ် အစီရင်ခံစာထုတ်ဖို့ရှိ

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 16:31 GMT

အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တဲ့အတွက် ရခိုင်ပဋိပက္ခ အစီရင်ခံစာ နှောင့်နှေးခဲ့ရ

ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့က အစီရင်ခံစာတင်ဖို့ သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁၆ရက်မတိုင်ခင်မှာပဲ ကြားဖြတ် အစီရင်ခံစာ တစောင် သမ္မတထံ တင်ပြမယ် ဖြစ်ကြောင်း ဒီကနေ့ တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နောက်ဆုံး အပြီးသတ် အစီရင်ခံစာကိုတော့ မတ်လ ၃၁ရက်မတိုင်ခင် တင်ပြနိုင်ဖို့ စီစဉ်ထားတယ်လို့ ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်တဲ့ အနုပညာရှင် ဇာဂနာ ခေါ် ဦးသူရက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ဖြူမြို့မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့် သတ်မှတ်ရက်အမှီ အစီရင်ခံစာ တင်သွင်းဖို့ နှောင့်နှေးသွားခဲ့ရပြီး ပြဿနာ ထပ်ဖြစ်ခဲ့တဲ့ နေရာတွေက အခြေအနေတွေကို သုံးသပ်နေရတဲ့အတွက် အချိန်ပိုတောင်းခဲ့ရကြောင်း၊ ဒါပေမယ့်လည်း အခုတင်မယ့် ကြားဖြတ် အစီရင်ခံစာထဲမှာတော့ ကျောက်ဖြူ ပြဿနာ မတိုင်ခင် အခြေအနေတွေကို ၈၀ ရာခိုင်နှုန်း ပြည့်ပြည့်စုံစုံ တင်ပြထားနိုင်ကြောင်း ပြောပြပါတယ်။

ကြားဖြတ် အစီရင်ခံစာထဲမှာ အဓိက ပြဿနာ ဘာ့ကြောင့် ဖြစ်ပေါ်ခဲ့သလဲဆိုတဲ့ အချက်နဲ့အတူ ရခိုင်ဒေသမှာ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ ပြန်လည် ထူထောင်ရေး ကိစ္စ စတာတွေအပါအဝင် အချက်၈ချက်ကို တင်ပြထားတယ်လို့ ဦးသူရက ပြောပြပါတယ်။

ကော်မရှင်အဖွဲ့ထဲက မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် နှစ်ဦးကို ကော်မရှင် အဖွဲ့ဝင် တာဝန်ကနေ ရပ်စဲလိုက်တဲ့ ကိစ္စကတော့ သမ္မတရဲ့ ညွှန်ကြားချက်အရသာ ဖြစ်ပြီး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ကြောင်း၊ ဘာ့ကြောင့် တာဝန်ကနေ ရပ်စဲလိုက်တာလဲဆိုတာကို အခုမှ မေးမြန်းထားဆဲ ဖြစ်ကြောင်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် အနုပညာရှင် ဇာဂနာ ခေါ် ဦးသူရက ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။