BBC navigation

ရခိုင်မှာ တရားမဝင် နေသူတွေကို စတင် စစ်ဆေး

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 15:51 GMT
Muslims Refugees in Rakhine

ကျေးရွာတွေ အထိဆင်းပြီး ဘင်္ဂါလီတွေကို လူဦးရေ စာရင်း ကောက်မယ်

ရခိုင် ပြည်နယ် အတွင်းမှာ ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် တွေကြား အပြန် အလှန် အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ခဲ့ ပြီးတဲ့နောက် ရခိုင် ပြည်နယ် အတွင်းကို တရားမဝင် ဝင်ရောက် လာသူတွေကို သက်ဆိုင်ရာ အာဏာပိုင် တွေက စတင် စစ်ဆေး နေပါပြီ။

အဲဒီလို စစ်ဆေးတဲ့ အဖွဲ့ထဲမှာ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ နယ်စပ် လုံခြုံရေးနဲ့ ကွပ်ကဲရေး ဌာန၊ ရဲဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေး ဌာန စတဲ့ အာဏာပိုင် အဖွဲ့အစည်းက လူတွေ၊ နိုင်ငံရေး ပါတီ တွေက ကိုယ်စားလှယ်တွေ၊ ဒေသခံ ရခိုင်နဲ့ မွတ်ဆလင် ကိုယ်စားလှယ်တွေ ပါဝင်ကြ ပါတယ်။

ပေါက်တော မြို့နယ် အတွင်းက ကျေးရွာတွေမှာ စစ်ဆေးဖို့ စစ်ဆေးရေး အဖွဲ့ ၁၅ ဖွဲ့ ရှိပြီး အောက်တိုဘာလ ၆ ရက်နေ့ကပဲ ကွင်းဆင်း သွားခဲ့ကြပါတယ်။

စစ်ဆေးသူတွေက ပေါက်တော မြို့နယ် အတွင်းမှာ ဘင်္ဂါလီတွေကို စစ်ဆေးမှာ ဖြစ်တယ်လို့ စစ်ဆေးရေး အဖွဲ့ထဲမှာ ပါတဲ့ ပေါက်တော မြို့နယ် ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ က ဦးသက်ထွန်းအောင်က ပြော ပါတယ်။

ပေါက်တော မြို့နယ် အတွင်း ကျေးရွာပေါင်း ၁၈ ရွာ ရှိခဲ့ရာက မီးရှို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၆ ရွာလောက်ပဲ ကျန်တော့ တာကြောင့် မီးလောင်သွားတဲ့ ရွာတွေက လူတွေကို ဒုက္ခသည် စခန်းတွေမှာပဲ သွားရောက် စစ်ဆေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆင်တက်မှော်၊ စစ်ကဲပြင်နဲ့ ကြယ်နီပြင် စတဲ့ ရွာတွေမှာ စစ်ဆေးမယ့်သူတွေ စခန်းချပြီး စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

တစ်အိမ်တက်ဆင်း စစ်ဆေးမှာ ဖြစ်ပြီး ၁၉၈၅ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ တုန်းက ကောက်ယူ ခဲ့တဲ့ စာရင်း တွေနဲ့ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှာ အခု လက်ရှိ ရှိနေတဲ့ စာရင်းတွေ တိုက်ကြည့် စစ်ဆေး မယ်လို့ ဦးသက်ထွန်းအောင်က ပြောပါတယ်။

အခု စစ်ဆေးရာမှာ ဘင်္ဂါလီ တွေကိုသာ စစ်ဆေးမှာဖြစ်ပြီး ဘယ်အချိန်က သူတို့ ဝင်ရောက် နေထိုင်ခဲ့တယ်၊ ဘယ်မျိုးဆက် အထိ နေထိုင် ခဲ့ကြတယ် ဆိုတဲ့ အချက်တွေကို ကောက်ယူမှာ ဖြစ်တယ်လို့လည်း သူက ဆို ပါတယ်။

ဒီလို ကောက်ယူပြီး ရရှိလာတဲ့ စာရင်း အချက် အလက်တွေပေါ် မူတည်ပြီးမှ ဘယ်သူက နိုင်ငံသား ဖြစ်သင့်တယ် ဆိုတာကို နောက်ပိုင်းမှာ သက်ဆိုင်ရာက စစ်ဆေး အတည်ပြုသွားမှာ ဖြစ်တယ်လို့ ဦးသက်ထွန်းအောင်က ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။