BBC navigation

ဝန်ကြီးဦးအောင်မင်း ကျောင်းသားတပ်မတော်နဲ့ ထပ်တွေ့

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 16:14 GMT
BSDF Army

နိုင်ငံရေး အာမခံချက် ရှိမှ ABSDF မြန်မာပြည် ပြန်နိုင်မယ်

နိုဝင်ဘာလ ၉ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ပြည်တောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာပြီး မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF နဲ့တွေ့ဆုံ ခဲ့ပါတယ်။

ဒီတစ်ကြိမ်ဟာ ကျောင်းသား တပ်မတော်နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မီတီတို့ ဒုတိယ အကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ABSDF ဘက်က ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အတတ်နိုင်ဆုံး ကြိုးပမ်း သွားဖို့၊ အင်အားစုတွေ အားလုံး ပါဝင်တဲ့ အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက် လာဖို့နဲ့ ဒီမို ကရေစီရေး၊ လူ့ အခွင့် အရေး၊ တန်းတူ ညီမျှရေး နဲ့ အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့် တို့ အတွက် အာမခံ နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက် လာရေးမှာ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပေါ် လာစေဖို့ ဆိုတဲ့ အချက် သုံးချက်ကို တင်ပြ ခဲ့တယ်လို့ ကိုယ်တိုင် ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ABSDF အဖွဲ့ ဥက္ကဌ ကိုသံခဲက ပြောပါတယ်။

အစိုးရ ဘက်ကတော့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အတွက် အတတ်နိုင်ဆုံး ကြိုးပမ်း နေပြီး နိုင်ငံရေး ဆွေးနွေးပွဲ တွေပြုလုပ်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း သူတို့ လက်ခံတဲ့ အကြောင်း ပြောခဲ့ တယ်လို့ သိရပါတယ်။

နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူ ခဲ့တဲ့ အပြင် အကျဉ်းထောင် အသီးသီးမှာ အကျဉ်း ကျခံ နေကြရတဲ့ ABSDF ကျောင်းသား တပ်မတော် အဖွဲ့ဝင်တွေ လွတ်မြောက်ရေး၊ နှစ်ဘက် ယုံကြည်မှု ရရှိရေး အတွက် အဆင့်ဆင့် ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူ ထားတယ်လို့ ကိုသံခဲက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ABSDF ပါဝင် လိုတယ်လို့လည်း ပြောခဲ့ကြောင်း သူက ပြောပါတယ်။

ABSDF ကျောင်းသား တပ်မတော် အနေနဲ့ လောလောဆယ် အသွင်ပြောင်းဖို့ မရှိသေး သလို လက်နက် ချဖို့လည်း မရှိ ပေမဲ့ လက်နက်ကိုင် တိုက်ပွဲဝင် ရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ လက်ခံ ထားတယ်လို့ ကိုသံခဲက ပြော ပါတယ်။

၈၈ လူထု အရေးတော်ပုံကြီး ကနေ ပေါက်ဖွား လာတဲ့ ABSDF အနေနဲ့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီ အခွင့် အရေးတွေ ရပြီ ဆိုရင် လက်နက်ကိုင် တိုက်ပွဲဝင်စရာ လိုတော့မှာ မဟုတ်ဘူး၊ တခြား လက်နက်ကိုင် အဖွဲ့တွေလည်း အလားတူပဲ ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေး အရ အသေ အချာ အာမခံနိုင် တော့မှ ABSDF အနေနဲ့ မြန်မာ နိုင်ငံကို ပြန်နိုင်မယ်လို့ ကိုသံခဲက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။