BBC navigation

အိုဘားမားခရီးစဉ် အမေရိကန် လက်ထောက် ဝန်ကြီးဟောင်းရဲ့ အမြင်

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 16:17 GMT
oboma_to_burma

ဒီအပြုံးမျိုးနဲ့ ဆင်းလာတာ မြန်မာ့မြေပေါ်မှာ မြင်ရဦးမယ်

အမေရိကန် သမ္မတ အိုဘားမားဟာ ဒုတိယ သမ္မတ သက်တမ်း ပြန်အရွေးခံခဲ့ရအပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှု တချို့ ရှိနေပေမယ့် အခုလို ထိပ်တန်း ပုဂ္ဂိုလ် တဦး မြန်မာနိုင်ငံကို သွားရောက်တာဟာ အချိန် စောလွန်းတယ်လို့ လူ့အခွင့်အရေး လှုပ်ရှား တောင်းဆိုတဲ့ အဖွဲ့တချို့က ယူဆနေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ အရှေ့အာရှရေးရာ အမေရိကန် အငယ်တန်း နိုင်ငံခြားရေး ဝန်ကြီး Christopher Hills ကို ဘီဘီစီက ဆက်သွယ် မေးကြည့် ခဲ့ရာမှာ-

သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာမယ်ဆိုတဲ့သတင်းအပေါ် မြန်မာပြည်သူတွေတင်မက မြန်မာအစိုးရအပေါ် သိပ်အကောင်း မမြင် ကြသူ တွေတောင်မှ အတော်လေး စိတ်လှုပ်ရှား ဝမ်းသာ နေကြမယ်လို့ ထင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာ့အရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင် ခဲ့ကြတဲ့ လူ့အခွင့်အရေး အဖွဲ့တွေ အတွက် ကတော့ သမ္မတ အိုဘားမား မြန်မာပြည် သွားမယ် ဆိုတဲ့ သတင်း အပေါ် အံ့အားတသင့် ဖြစ်သွား ကြမှာ ဖြစ်ကြောင်း၊ တဖက်က ကြည့်မယ် ဆိုရင်လည်း မြန်မာ နိုင်ငံ မှာက ပဋိပက္ခ စစ်ပွဲတွေ ဖြစ်နေဆဲ၊ အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲမို့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ အချိန် စောလွန်း သေးတယ်လို့ ယူဆကြမှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

ဒီတော့ ခုန ပြောခဲ့တဲ့ ပြဿနာ ကိစ္စရပ်တွေ ရှိနေချိန်မျိုးမှာ သမ္မတ အိုဘားမား အနေနဲ့ မြန်မာနိုင်ငံကို သွားပြီး သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တိုက်ရိုက် တွေ့ဆုံ တာမျိုး လုပ်တာဟာ နိုင်ငံရေးအရ အလောင်းအစား လုပ်တဲ့ သဘောမျိုး အရဲစွန့် လုပ်တာလို့ ပြောလို့ ရပါသလား ဆိုတဲ့ အမေးကိုတော့-

အမေရိကန်နိုင်ငံနဲ့ တခြားအနောက်နိုင်ငံမှာ နေနေကြသူတွေ အတွက်ကတော့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေတယ်လို့ ယူဆကြမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် တကယ်တမ်း မြန်မာနိုင်ငံထဲမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူတွေ အတွက်ကတော့ ဒီလူ့အခွင့်အရေး ပြဿနာတွေ တင်မက တခြားကိစ္စရပ်တွေဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုင်းရင်းသား အရေးကိစ္စတွေကိုလည်း ဖြေရှင်းဖို့လိုတယ် ဆိုတာကို သဘောပေါက်ထားကြ တဲ့ အကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ် ရောက်ရေး အတွက် သမ္မတ အိုဘားမားအနေနဲ့ ဖိအားပေး ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို အခုလို သွားတာ ဖြစ်ပြီး ၊ဒါ့ကြောင့် ဒီခရီးစဉ်ဟာ အရဲစွန့် လုပ်ရတဲ့ အလောင်းအစား ခရီးစဉ်လို့ ပြောမယ်ဆို ပြောနိုင်တယ်လို့ ဆိုပါတယ်။

ဒီတော့ကာ သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တကယ်ပဲ ဖိအားပေး ဆောင်ရွက်နိုင်မယ်လို့ရော ယူဆပါသလား။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ အပါအဝင် ဒဏ်ခတ် ပိတ်ဆို့မှု အတော်များများကို ဆိုင်းငံ့ထားခဲ့ပြီး ဖြစ်တာမို့ အခုအခါ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောလို့ ရပါသလား ဆိုပြီး မေးခဲ့ရာမှာ-

သူ့ အမြင်ကတော့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ အရဲစွန့်ပြီး လုပ်ရမယ့် အားတက် စရာခရီးစဉ် ဖြစ်သလို လုပ်သင့် လုပ်ထိုက်တဲ့ ခရီးစဉ် ဖြစ်တယ်လို့ ယူဆကြောင်း၊ မြန်မာ နိုင်ငံဟာ နှစ်နဲ့ချီပြီး အတိဒုက္ခ ရောက်နေခဲ့တဲ့ နိုင်ငံဖြစ်တာမို့ သမ္မတ အိုဘားမားအနေနဲ့ အခုလို အရဲစွန့်ပြီး တာဝန်ယူ လုပ်လိုက်တာဟာ အထင်ကြီး လေးစားစရာကောင်းလှ တဲ့အကြောင်း ပြောပါတယ်။

နောက်တခုက မြန်မာနိုင်ငံ အပေါ် အကြီးအကျယ် စိတ်ဝင်စားနေတဲ့ တရုတ်လို နိုင်ငံမျိုး ရှိနေသလို သမ္မတ အိုဘားမားကလည်း အာရှဒေသတွေ အပေါ် ပိုအလေးထား အာရုံစိုက် လာတဲ့ နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲ သတ်မှတ် လာတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အပေါ် သြဇာလွှမ်းဖို့ အာဏာ ပြိုင်မှုလို့ ပြောလို့ ရပါသလား ဆိုတာကိုတော့ အခုလို ဖြေကြားခဲ့ပါတယ်။

အာရှ ဒေသတွေနဲ့ ပို ထိတွေ့ ဆက်ဆံရေး ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒ ကို ပြောင်းလဲ ချမှတ်ခဲ့တာဟာ တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဒါမှ မဟုတ် တရုတ်ကို ချောင်ပိတ် အလဲထိုးဖို့ လုပ်တာဆိုတဲ့ အမြင်မျိုး ထင်စရာ ရှိပေမယ့် တကယ့်ရည်ရွယ်ချက်က သမ္မတ အိုဘားမားအနေနဲ့ အမေရိကန်နဲ့ ကာလတာရှည် ပဋိပက္ခတွေ ဖြစ်နေခဲ့တဲ့ နိုင်ငံမျိုးတွေနဲ့ ပဋိပက္ခတွေ ဆက်မဖြစ်လို တော့ပဲ ရေရှည် ဆက်ဆံရေးတွေ ထားရှိ နိုင်အောင် အခုလို နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲ ချမှတ်ခဲ့တာ ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ရေရှည် ဆက်ဆံရေး ထားကိုထားမှာ ဖြစ်သလို တရုတ်နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ သမ္မတ အိုဘားမားက မလိုလား တဲ့ အကြောင်း၊ ဒါပေမယ့် တချို့ အခြေအနေမျိုးမှာ အာရှနိုင်ငံတွေ အနေနဲ့ကတော့ တရုတ်နဲ့ အမေရိကန်ကြားမှာ တနိုင်ငံကို ရွေးရတာမျိုးတွေ လည်း ရှိတဲ့ အကြောင်းနဲ့ အမေရိကန် နိုင်ငံထဲက လူတွေ အတွက် ဒါဟာ တရုတ်ကို ထိပ်တိုက် ရင်ဆိုင်ဖို့ လုပ်တဲ့ မဟာ ဗျူဟာ တခုလို့ ယူဆနေ ကြတာမျိုးလည်း ရှိတဲ့ အကြောင်း ဖြေကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။