BBC navigation

ပုဂံမှာ ဟိုတယ်တွေ တည်ဆောက်နေတာရပ်ဖို့ ဒေသခံတွေတောင်းဆို

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 01:46 GMT
_bagan

ရှေးဟောင်းအမွေအနှစ်တို့ စုစည်းရာ ပုဂံ

မြန်မာ နိုင်ငံရဲ့ ရှေးဟောင်း အမွေ အနှစ်တွေ တစုတစည်းထဲ အများဆုံး ရှိနေတဲ့ ပုဂံ မြို့လယ်ခေါင်မှာ ဟိုတယ် ကြီးတွေ ဆယ်လုံး ထက်မနည်း တပြိုင်ထဲ ဆောက်လုပ် နေတာမို့ ဒါကို ရပ်ပေးဖို့ ဒေသခံတွေ ပါဝင်တဲ့ အဖွဲ့ တခုက တောင်းဆို နေပါတယ်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့က ပုဂံ မြို့လယ်ခေါင်မှာ အစဉ်အဆက် နေထိုင် ခဲ့ကြတဲ့ သာမန် အရပ်သား အိမ်တွေကို ၁၉၉၀ ခုနှစ်မှာ အာဏာပိုင် တွေက ဖယ်ရှားပြီး ဟိုတယ်တွေ ဆောက်လုပ်ခွင့် ပေးခဲ့တာလို့ ရန်ကုန်မြို့မှာ သတင်းထောက် တွေကို တွေ့ဆုံ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ပုဂံ ရှေးဟောင်း အမွေအနှစ် တွေ ပျက်စီးဆုံးရှုံး ကုန်မှာကို စိုးရိမ် နေတာ ဖြစ်တယ်လို့လည်း အဖွဲ့ခေါင်းဆောင် ကိုမင်းနိုင်က ပြောပါတယ်။

အဲဒီ ပြောကြားခဲ့ တာတွေနဲ့ ပတ်သက်ပြီး ညောင်ဦး ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းဝင်းကို ဘီဘီစီက ဆက်သွယ် မေးကြည့်ခဲ့ ရာမှာတော့ သူတို့ အနေနဲ့ စည်းကမ်းအတိုင်း ဆောင်ရွက် တာတွေသာ ရှိခဲ့ တယ်လို့ ပြောပြီး ရှေးဟောင်း အမွေအနှစ်တွေ ကိစ္စ ကတော့ ရှေးဟောင်း သုတွေသန ဌာနနဲ့သာ ဆိုင်တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသုတေသန ဌာနက တာဝန်ရှိသူ ကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပုဂံ ရှေးဟောင်း အမွေအနှစ် တွေကို ထိန်းသိမ်း ချင်တဲ့ အဖွဲ့ကတော့ သူတို့ တောင်းဆိုချက်ကို မလိုက်လျောရင် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နေပြည်တော်ကို သွားပြီး ဆန္ဒပြမယ်လို့ ပြောနေပါတယ်။

အောက်တိုဘာ လကုန်ပိုင်း တုန်းကလည်း သူတို့ အဖွဲ့က ပုဂံမှာ ဆန္ဒပြခဲ့ ပေမယ့် အာဏာပိုင် တွေဘက်ကတော့ ခုချိန်ထိ တစုံတရာ အရေးယူ ဆောက်ရွက် တာတွေ မတွေ့ရသေးပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။