BBC navigation

တပ်မတော်နဲ့ လက်နက်ကိုင် မောင်တောမှာတိုက်ပွဲဖြစ်

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 00:45 GMT

မြန်မာ့ တပ်မတော် စစ်ရေးပြ အခမ်းအနား

မြန်မာ- ဘင်္ဂလားနယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ် မှတ်တိုင် အမှတ် ၅၂ နဲ့ ၅၃ အနီးမှာ မနေ့ညနေ ၈ နာရီကတည်းက မြန်မာ တပ်မတော်နဲ့ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ အကြား တိုက်ပွဲ ဖြစ်နေတာ ည ၁၁ နာရီထိ မရပ်နားသေးဘူးလို့ သိရပါတယ်။

နို၀င်ဘာလ ၆ ရက်နေ့ က နယ်စပ်မှာ လမ်းလုပ်နေတဲ့ ဂျီအီး တပ်သား တယောက် သတ်ဖြတ်ခံရပြီး နောက်ထပ် သုံးယောက်ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ နယ်စပ် တလျှောက်မှာ အခြေအနေက တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာဘက်က တပ်ရင်း ၆ ရင်းနဲ့ ပျောက်ဆုံးနေတဲ့ တပ်သားတွေကို လိုက်ရှာနေရာမှာ မနေ့ ညနေကတော့ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုနဲ့ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အခုလောလောဆယ်တော့ ညမိုးချုပ်နေတဲ့ အချိန် ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့နဲ့ ဖြစ်နေတယ် အထိအခိုက် ဘယ်လောက်ရှိတယ် ဆိုတာကို တော့ မသိရသေးဘူးလို့ ပြောပါတယ်။

ရွာသားတွေလည်း ဘုန်းကြီးကျောင်းထဲကို ပြေးသူပြေး ရွာထဲမှာ ပြေးသူပြေး နဲ့ စိုးရိမ်စိတ်နဲ့ အတူ ညမအိပ်ရ နေ့မအိပ်ရ ဖြစ်နေတယ်လို့ တိုက်ပွဲ ဖြစ်နေတဲ့ အတွက် အနီးအနားက ကျေးရွာတွေရဲ့ အခြေအနေကို ရွာသား တစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေတဲ့ အနီးအနားမှာ ဗန္ဒုလရွာ အပါအ၀င် ရွာ (၇) ရွာခန့်ရှိတယ်လို့လည်း သိရပါတယ်။

အောင်သပြေမှာ စခန်းချနေတဲ့ ဗျူဟာမှူးနဲ့ အဖွဲ့လည်း ည ၉ နာရီကတည်းက တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။