BBC navigation

မြန်မာနိုင်ငံ အလယ်ပိုင်း ငလျင်ကြီး လှုပ်

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 09:45 GMT
burma earthquake

မန္တလေးရဲ့ မြောက်ဘက် မိုင် ၇၀ လောက် ဝန်းကျင်မှာရှိတဲ့ ရွှေဘိုခရိုင်အတွင်းမှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေ အပြောအရ သိရ ပါတယ်။

နိုဝင်ဘာ ၁၁၊ တနင်္ဂနွေ မနက် ၇ နာရီ ၄၂ မိနစ်လောက်မှာ ပြင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင် လှုပ်တာ ကြောင့် ရွှေဘိုအနီးက မြစ်ကူး တံတားကြီးတခု ပြိုကျ ပျက်စီးခဲ့သလို ဒီဒေသတွင်းက နေအိမ်နဲ့ စေတီပုထိုးတွေလည်း အနည်းနဲ့ အများ ဆိုသလို ပြိုကျ ပျက်စီးခဲ့ပါတယ်။

အစိုးရသတင်းတွေမှာတော့ ရွှေဘိုအနီး ကျောက်မြောင်းက ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)မှာ သံဘောင် ပြိုကျပြီး လူ ၁ ဦးသေ၊ ၄ ဦး ပျောက်ဆုံးပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ဒေသခံတွေ အပြောအရတော့ ၇ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ် ကျည်ထောက်ပေါက်ရွာမှာ ခဲပိပြီး လူ ၁ ဦး သေပြီး နွယ်ရုံရွာမှာလည်း အိမ်နံရံပိပြီး ၁ ဦး သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အစိုးရသတင်းတွေမှာတော့ ကျောက်မြောင်းမြို့တွင်းမှာ အုတ်တံတိုင်းပိလို့ တစ်ဦးသေ၊ သပိတ်ကျင်းမြို့နယ်မှာလည်း အိမ်ပိပြီး ၁ ဦးသေကြောင်း ဖော်ပြပါတယ်။

စဉ့်ကူးဘက် ရွှေတွင်းတစ်ခုလည်း ပြိုကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့နဲ့ မန္တလေးမြို့ဘက်မှာလည်း စေတီတချို့အပါအဝင် အပျက်အစီး တချို့ ရှိခဲ့ပါတယ်။

မြန်မာပြည်မှာ ဒီငလျင်ရဲ့ အရင်က နောက်ဆုံးဖြစ်ခဲ့တဲ့ ငလျင်ကတော့ ၂၀၁၁ မတ်လက ရှမ်းပြည်နယ် အတွင်းမှာ ဖြစ်ပြီး အဲဒီတုန်းကတော့ လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။