BBC navigation

နောက်ဆက်တွဲ ငလျင်တွေအတွက် သတိရှိဖို့ လို

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 16:00 GMT
Burma Earthquake

ရတနာ သိင်္ဃ ဧရာဝတီ မြစ်ကူး တံတား

တနင်္ဂနွေနေ့ မနက်က ရွှေဘိုခရိုင်တွင်း ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ငလျင် ဖြစ်နိုင်ချေရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ကျောမှာ လှုပ်ခတ်ခဲ့ပြီး ထပ်မံ လှုပ်ခတ်နိုင်ချေလည်း ရှိတယ်လို့ ပညာရှင် တစ်ဦးက ခန့်မှန်း ပြောဆိုပါတယ်။

၁၉၅၆ ခုနှစ်ကလည်း စစ်ကိုင်းမြို့နဲ့ အနီးဝန်းကျင်မှာ ဗဟိုပြုပြီး ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မြေငလျင် အသင်း အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောပါတယ်။

ရွှေဘို ငလျင်ကို မနက် ၇ နာရီ ၄၂ မိနစ်မှာ ပြင်းအား ၆ ဒဿမ ၈ နဲ့ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်အဖြစ် ညနေ ၅ နာရီ ၂၆ မိနစ်မှာလည်း ထပ် လှုပ်ခဲ့တယ်လို့ မန္တလေးမြို့ မိုးဇလ ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Burma Earthquake

စစ်ကိုင်း ငလျင်ကြောဟာ နှစ်ပေါင်း ၁၀၀ နဲ့ ၁၃၀ ကြားမှာ တစ်ခါ ပြင်းပြင်းထန်ထန် လှုပ်လေ့ရှိကြောင်း အခုတော့ နှစ်ပေါင်း ၆၀ နီးပါး ပဲ ရှိသေးတဲ့အချိန်မှာ အခုလို ပုံမှန် ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်လာတာ တွေ့ရကြောင်း ဦးစိုးသူရထွန်းက ပြောပါတယ်။

ကီလို မီတာ ၁၀၀၀ လောက် ရှည်တဲ့ စစ်ကိုင်း ပြတ်ရွေ့ဟာ မြေလွှာချင်း တိုက်ခတ်မှု အရရော၊ ပင်လယ်ကြမ်းပြင် ပြန့်ထွက်မှု ဖြစ်စဉ်တွေအရပါ တစ်နှစ်ကို ၂ စင်တီမီတာလောက် ရွေ့လျားနေကြောင်း၊ အဲဒီလို အချိန်မှာ မြေလွှာတွေ ပြတ်ရွေ့လာတဲ့အခါ ငလျင် လှုပ်ခတ်တာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ထပ်လှုပ်နိုင်ချေ ရှိမရှိကိုလည်း လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်ကြောင်းနဲ့ လူတွေအနေနဲ့ သတိရှိကြဖို့ကိုလည်း ဦးစိုးသူရထွန်းက ပြောပါတယ်။

ကမ္ဘာတဝန်း ငလျင် အကြီးအသေးကို တိုင်းထွာ နှိုင်းယှဉ်ကြည့်ခြင်း

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။