BBC navigation

ငလျင်ကြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ်

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 01:02 GMT
Earth Quake

ငလျင်ကြောင့် ၁၃ ဦး သေဆုံးပြီး၊ အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ မနက်က အင်အား ၆ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ကြီးတခု မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၄၅ မိုင် အကွာကို ဗဟိုပြု လှုပ်ခတ်သွားတဲ့အတွက် အခုနောက်ဆုံး သတင်းတွေအရ လူပေါင်း ၁၃ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူတွေကတော့ အတော်များတယ်လို့ သိရပါတယ်။

အစိုးရကတော့ သပိတ်ကျင်းမြို့မှာ လူ သုံးဦးသေဆုံးသလို ရွှေဘို စဉ့်ကူးကူး ဆောက်လုပ်ဆဲ ရတနာသိင်္ခ တံတားပြိုကျပျက်စီးလို့ လူသေဆုံးမှုတွေ ရှိတယ်လို့ပဲ အရေအတွက် မဖော်ပြဘဲ သတင်းထုတ်ပြန်ပါတယ်။

မနက်ပိုင်း မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ မွန်းလွဲပိုင်းမှာတော့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သပိတ်ကျင်းမြို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အစိုးရသတင်းထုတ်ပြန်ချက် အရတော့ ဘုရားပုထိုးတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေ မြေခ၊ ပြိုကြခဲ့ပြီး၊ လူနေအိမ်တွေ ရုံးအဆောက် အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။

စိုက်ပျိုးရေးဘက်မှာလည်း ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ ငလျင်ကြောင့် ဖြစ်ခဲ့ပုံကို ဒေသခံတဦးက ရေပူတွေ ပန်းထွက်လာပြီး စိုက်ခင်းတွေထဲ ရွှံရေတွေ ဝင်ကုန်တယ်၊ ဧရာဝတီမြစ်ရေကထည်း ရုတ်ချည်း တိုးလာခဲ့ပြီး စိုက်ခင်းတွေကို ရေလွှမ်းကုန်လို့ ဧကထောင်ကျော်တော့ ထိခိုက်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့မှာတော့ နိုဝင်ဘာ ၁၁ သန်းခေါင်ကျော် အထိကို နောက်ဆက်တွဲ ငလျင်တွေက လှုပ်နေတုန်း ဖြစ်တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပြကြပါတယ်။ စိုးရိမ်သူ တချို့ကတော့ ငလျင်အား ပြင်းပြင်းသာ ထပ်လှုပ်ခဲ့မယ်ဆို အဆောက်အအုံတွေထဲ ပိတ်မိတာ၊ ပြိုကျတာတွေ ဖြစ်မှာ စိုးရိမ်တဲ့အတွက် မအိပ်ရဲဘဲ ရှိကြသလို တချို့က လည်း ကွင်းပြင်မှာပဲ ဖြစ်သလို အိပ်စက်ခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မှာတော့ မင်းကွန်းခေါင်းလောင်းကြီး နေရာ နည်းနည်းရွေ့သွားပြီး၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နဲ့ တမူးခရိုင်တွေအထိ ငလျင်လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။