BBC navigation

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် စတင်

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 18:03 GMT
_aung_san_suu_kyi

အိန္ဒိယ ခရီးစဉ် စတင်နေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ အတိုက်အခံ ခေါင်းဆောင်နဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယနိုင်ငံ ရဲ့ မြို့တော် ဒေလီကို နိုဝင်ဘာလ ၁၃ ရက်နေ့က ရောက်ရှိ လာပါတယ်။

လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ မြန်မာတိုင်းရင်းသားတွေက သွားပြီး ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ နေရူး အထိမ်းအမှတ် ခန်းမမှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အပါအဝင် နိုင်ငံရေး ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံ မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ကြောင့် ၁၉၉၀ ပြည့်နှစ်တွေ အတွင်းမှာ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံမှုတွေ လုပ်ခဲ့တဲ့ အိန္ဒိယ နိုင်ငံနဲ့ မြန်မာ အတိုက်အခံတွေ အကြား ဆက်ဆံရေး လျော့ရဲ သွားခဲ့ရတာကို အိန္ဒိယ နိုင်ငံ အနေနဲ့ ပြုပြင် နိုင်လိမ့်မယ်လို့ သတင်းထောက် တွေက ယူဆနေကြပါတယ်။

အခု ခရီးစဉ် နဲ့ ပတ်သက်လို့ ဟိန္ဒူ သတင်းစာကြီး နဲ့ တွေ့ဆုံ မေးမြန်း ခန်းမှာ ဒေါ်အောင်ဆန်းစုကြည် က အဲဒီ အချိန်တုန်းက အိန္ဒိယ အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ စိတ်မပျက်မိ သော်လည်း ဝမ်းတော့ နည်းမိတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

တခါ နိုင်ငံတကာ ရေးရာ ကျွမ်းကျင်သူ အိန္ဒိယ သတင်းစာ ဆရာ အာမစ် ဘရူးဝါးကတော့ ဂန္ဒီ၊ နေရူးတို့လို ခေါင်းဆောင်တွေ ပေါ်ထွက်ရာ အိန္ဒိယအနေနဲ့ နိုင်ငံခြားရေး မူဝါဒတွေ ချတဲ့ နေရာမှာ ကိုယ်ကျိုး စီးပွားကို အခြေခံထားတာမှန်ပေမယ့် ကျင့်ဝတ်ပိုင်းအရ တာဝန်ယူမှုကိုလည်း သတိမမေ့သင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ မိခင်ဖြစ်သူ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ် တွေအတွင်းမှာ အိန္ဒိယ နိုင်ငံမှာ နေထိုင် ခဲ့ဖူး ပါတယ်။

အခု ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း အရေးကြီးတဲ့ ခရီးစဉ် ဖြစ်သလို မြန်မာနဲ့ အိန္ဒိယ ဆက်ဆံရေးမှာလည်း အရေးပါတဲ့ ခရီးစဉ် တခုဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။