BBC navigation

အခွင့်အရေး တောင်းဆိုမှု နားလည် ဖြေရှင်းတတ်ဖို့ လို

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 00:55 GMT

မြန်မာ အလုပ်သမား အရေး အိုင်အယ်အို ဆွေးနွေးမယ်

မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေကို နားလည် ဖြေရှင်း ဆောင်ရွက်တတ်လာဖို့ လိုတယ်လို့ ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် မြန်မာနိုင်ငံ ကိုယ်စားလှယ် စတိဗ် မာရှယ်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာမှာ ဖြစ်နေကျ အလုပ်သမား လှုပ်ရှားမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ လိုပါပဲ မြန်မာ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေမှာလဲ နားလည် ဖြေရှင်း ဆောင်ရွက်တတ်လာဖို့ လိုပြီး ဒီလှုပ်ရှားမှု တွေကို နှိမ်နင်း ဖျက်ဆီးပစ်မယ့်အစား ပြေလည်အောင် ဖြေရှင်းကြရမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီလိုမျိုး စေ့စပ် ဖြေရှင်းမှုတွေ မြန်မာနိုင်ငံမှာ အရင်က မရှိခဲ့ပေမယ့် အလုပ်သမားတွေဟာ စီးပွားရေး စနစ်ဖွံ့ဖြိုးရေး အတွက် အင်မတန် အရေးကြီးပါတယ်လို့ သူက ဆိုပါတယ်။

လူမျိုးစု နယ်မြေ တွေမှာ စစ်မီးမငြိမ်းသေးတဲ့ အခြေအနေမှာ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ပြီး ရှိနေပါသေးလားလို့ ဘီဘီစီက မေးကြည့်တော့ စစ်ဖြစ်နေတဲ့အချိန်မှာ အစိုးရရော ကေအိုင်အေပါ ၂ ဘက်လုံးက အသက်မပြည့်တဲ့ စစ်သား စုဆောင်းမှုတွေ မလုပ်ကြဖို့ ကမ္ဘာက အင်မတန် သတိကြီးစွာ စောင့်ကြည့် အကဲခတ်နေရာမှာ ခုချိန်ထိ ၂ ဘက်စလုံးက စုဆောင်းမှုတွေ ရှိနေသေးတာကိုလဲ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အစိုးရ အနေနဲ့ တိုင်ကြားလာသမျှ ကို လိုလိုလားလား လိုက်လျော ကူညီ ဖြေရှင်းပေးနေတာကို တွေ့ရပြီး အသက်မပြည်တဲ့ စစ်သား စုဆောင်းမှု မရှိအောင်လဲ တပ်မတော်က စုဆောင်းမှုစနစ်ကို ပြန်ပြီး သုံးသပ်နေသလို ခုချိန်ထိ ကလေးစစ်သား ၄၂ ယောက်က ၅ဝ ထိ ပြန်လွှတ်ပေး ကူညီခဲ့တယ်လို့ သူက ဆိုပါတယ်။

အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ကို ဖိဖိစီးစီး အရေးယူ ဆောင်ရွက်နိုင်ခဲ့ရဲ့လား လို့ဆိုတဲ့ မေးခွန်းကိုတော့ သူက ဖြေကြားရာမှာ အစိုးရက ရုပ်သံနဲ့ သတင်း စာမျက်နှာ တွေကနေ ပြည်သူ့ ရပိုင်ခွင့်တွေ၊ အတင်းအကျပ် လုပ်အားပေး စုဆောင်းမှုကို ငြင်းပယ် နိုင်ကြောင်း အသိပေး တင်ဆက်မှုတွေ များပြား လာတဲ့အတွက် ပြည်သူတွေကြားမှာ ယုံကြည်မှုတွေ တိုးလာပြီး ပွင့်ပွင့်လင်းလင်း တိုင်ကြားတာတွေ ရှိလာသလို အစိုးရ ဘက်ကလဲ အရေးယူ ဖြေရှင်းပေး တာမို့ ပိုပြီး တာဝန်ယူမှု ရှိလာတာကို တွေ့ရကြောင်း သူက ပြောသွားခဲ့ပါတယ်။

အင်္ဂါနေ့ ဂျနီဗာမှာ ကျင်းပမယ့် ILO အုပ်ချုပ်ရေး အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ အခြေအနေ ပြန်လည် သုံးသပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာရေး အတွက် လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲဖို့၊ အရည်အချင်း မြှင့်တင်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရေးတွေ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။