BBC navigation

ဒေါ်အောင်ဆန်းစုကြည် နေရူးခန်းမမှာ မိန့်ခွန်းပြောကြား

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 19:16 GMT
dassk_afp_india_trip

နေရူးအောက်မေ့ဖွယ်ခန်းမမှာ မိန့်ခွန်းခြွေနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

အနှစ် ၄၀ အတွင်း အိန္ဒိယ နိုင်ငံကို ပထမဆုံး အကြိမ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၁၄ ရက် နေ့မှာတော့ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူး အောက်မေ့ဖွယ်ခန်းမ မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

အဲဒီ အခမ်းအနား ကို အိန္ဒိယ လူမျိုး ၁၀၀၀ ကျော်နဲ့ မြန်မာ လူမျိုး ၂၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

အိန္ဒိယ ခေါင်းဆောင် တွေထဲက ကွန်ဂရက် ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီနဲ့ သားဖြစ်သူ ရာအူးလ် ဂန္ဒီတို့လည်း တက်ရောက် ခဲ့ကြပါတယ်။

ဆိုနီယာ ဂန္ဒီက မိန့်ခွန်း ပြောကြား ခဲ့ရာမှာတော့ အခုလို ဂျဝါဟာလာ နေရူး ဆုရသူ တယောက်ဒီမှာ မိန့်ခွန်း လာပြောတာကို ကြိုဆိုတဲ့ အကြောင်း၊ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် တွေဖြစ်ကြတဲ့ နေရူးရဲ့ မျိုးဆက်နဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မျိုးဆက်တွေ ပြန်ဆုံ နိုင်တာကို ဝမ်းသာတဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ရဲ့ ဂုဏ်ကို မြှင့်တင်ပေးသူ ဖြစ်ပြီး ဂန္ဒီရဲ့ ခံယူချက်တွေကို မြန်မာ ပြည်ထဲမှာ သက်ဝင် ယုံကြည်သူ ဖြစ်လို့ ကျေးဇူး တင်တဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အမျှော်အမြင် တွေဟာ တကမ္ဘာလုံးကို လွှမ်းမိုး နိုင်ကြောင်း၊ ဒီလို လာရောက် ပြောကြားတာကိုလည်း အင်မတန် ဂုဏ်ယူတဲ့ အကြောင်း တွေကို ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အိန္ဒိယမှာ သူနေထိုင် ခဲ့တဲ့ ဘဝနဲ့ နေရာ လေးတွေကို ခုချိန်ထိ မှတ်မိနေတဲ့ အကြောင်း၊ အခုလို ပြန်လာရတဲ့ အတွက် ဝမ်းသာမိတဲ့ အကြောင်း၊ နေရူးဟာလည်း သူ့ရဲ့ ဘဝကို အများကြီး လွှမ်းမိုးခဲ့တဲ့ အကြောင်းတွေကို ပြောကြားခဲ့တဲ့ အပြင် ဗိုလ်ချုပ်တို့ အိန္ဒိယ ကိုလာရောက်စဉ်က ဂျဝါဟာလာ နေရူးက ဗိုလ်ချုပ်ကို ဝတ်စုံတွေ ပေးတာကိုလည်း သတိရတဲ့ အကြောင်းနဲ့ အဲဒီတုန်းက နေရူးက အသေးဆုံး ဝတ်စုံကို ရွေးပေးတာ တောင်မှ ဗိုလ်ချုပ် အတွက်က ကြီးနေသေးတယ် ဆိုပြီး ဟာသနှောလို့ ပြောကြား ခဲ့ပါသေးတယ်။

ဆက်လက်ပြီး သူ့ရဲ့ ဘဝ ဖြစ်စဉ်တွေ၊ ၁၉၈၈ - ၈၉ မှာ ဖြတ်သန်း ခဲ့ရတာတွေ၊ နောက် ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အကြောင်း ၊ နေအိမ် အကျယ်ချုပ် ကျခံ ခဲ့ရတာတွေ ကိုပါပြောကြား သွားခဲ့ပါတယ်။ တခါ နေရူးရေးသား ခဲ့တဲ့ ကဗျာ လေးတွေကိုလည်း သဘောကျတဲ့ အကြောင်းနဲ့ အကျယ်ချုပ် ကျခံ နေရစဉ်မှာ အဲဒီ ကဗျာ လေးတွေကိုသာ အဖော်ပြုရင်း ကြံ့ခိုင်အောင် နေခဲ့ရတဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အဲဒီနေ့ အစောပိုင်း တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး ဖခင်ကြီး မဟတ္တမ ဂန္ဒီရဲ့ အုပ်ဂူမှာလည်း ပန်းခွေချ အလေးပြု ခဲ့သလို၊ နေရူးရဲ့ အုပ်ဂူမှာလည်း သွားရောက် ဂါရဝ ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်နဲ့ လည်း တွေ့ဆုံခဲ့ပြီး၊ နေ့လည် ၂ နာရီမှာတော့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းနဲ့လည်း ဝန်ကြီးချုပ် နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။