BBC navigation

ဝေးခဲ့ပြီ ပန်းခရမ်းပြာ ရေ...

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 17:10 GMT

အခုတော့ ဝေးခဲ့ပြီဆိုတဲ့ ပန်းခရမ်းပြာ တေးသံ လေးကို သူ့ကိုချစ်သူတိုင်း တမ်းတ ကြားယောင်နေမိမယ်

ကဗျာဆန်ဆန် သီချင်းလေး တွေနဲ့ လူငယ်တွေ ရဲ့ ရင်ခုန်သံကို ဖမ်းစားနိုင် ခဲ့တဲ့ မဇ္စျိမလှိုင်း ဂီတ အဖွဲ့ ပင်တိုင် အဆိုတော် ခင်မောင်တိုး ဟာ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ပိုင်းက စင်ကာပူ နိုင်ငံမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ခင်မင်သူတွေက ကိုတိုးကြီးလို့ ခေါ်ဆိုတဲ့ နိုင်ငံကျော် တေးသံရှင် ခင်မောင်တိုးဟာ အသည်း ကင်ဆာ ခံစားနေခဲ့ရတဲ့ အတွက် စင်ကာပူမှာ ဆေးရုံ တက်ရောက် ဆေးကုသမှု ခံနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

သီချင်းစီးရီးပေါင်း ၃၀ ကျော် ထုတ်ဝေခဲ့ပြီး ၁၉၇၃ ခုနှစ် ဝန်းကျင်လောက်မှာ ပထမဆုံး ထုတ်ဝေခဲ့တဲ့ စီးရီးကတော့ ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ် ခွေ ဖြစ်ပါတယ်။

အင်ယား ကန်ရေပြင်ပေါ်က ပန်းလေးတွေကို တင်စား စပ်ဆိုခဲ့တဲ့ ဝေးခဲ့ပြီး ပန်းခရမ်းပြာ ဆိုတဲ့ သီချင်းလေး ကတော့ တက္ကသိုလ် ကျောင်းသား ဘဝ ရင်ခုန် သံတွေကို ဖမ်းစားနိုင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။

နောက်ဆုံး စီးရီး ကတော့ သည်းဦးသစ္စာ ဖြစ်ပြီး၊ သူ ထွက်ခဲ့ သမျှ စီးရီးတွေထဲမှာ ၁၉၈၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ မဟာဆန်သူ စီရီးကတော့ အကျော်ကြားဆုံး ဖြစ်ခဲ့ပါတယ်။

စက်မှုတက္ကသိုလ် ကျောင်းသားလည်း ဖြစ်ခဲ့တဲ့ ကိုတိုးကြီး၊ အနုပညာလောက ကနေ အခုလို စောစော စီးစီး ထွက်ခွာသွားတာဟာ၊ လမ်းပြကြယ်ကြီး တပွင့် ကြွေလွင့် ဆုံးရှုံး သွားခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ သီချင်းဆိုဘက် သားထွေးက ပြောပါတယ်။

ကြွင်းကျန်ရစ်တဲ့ သူရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေပိုင်းမှာပဲ စင်ကာပူနိုင်ငံ မွန်ဒိုင်း သုသာန်မှာ သင်္ဂြိဟ် လိုက်ပြီ ဖြစ်ပါတယ်။

သူကွယ်လွန် ချိန်မှာ အသက် ၆၃ နှစ်ရှိပြီ ဖြစ်ပြီး၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးယောက် ကျန်ရစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။